18.12.2024 – 3rd Week of Advent; Wednesday
အာဒ်ဝင်တူးကာလတတိယသီတင်းပတ် ဗုဒ္ဓဟူးနေ့
ယေရမိ ၂၃း ၅ - ၈
ရှင်မာတေဦး ၁း၊ ၁၈ - ၂၅ - Mt.1:18-25
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာတော့ရှင်ဂျိုးဇက်၏ဘုရားသခင်အပေါ်မှာ အပြည့်အဝနာခံခဲ့ခြင်းကို ထောက်ရှုသင်ယူရမှာဖြစ်ပါတယ်။ဂျူးလူမျိုးတို့ရဲ့မင်္ဂလာဆောင်ဓလေ့ထုံးစံအရ စေ့စပ်ကြောင်းလမ်းထားတဲ့စုံတွဲသည်လည်းလက်ထပ်ထိမ်းမြားထားတဲ့မောင်နှံတွေလိုပဲသူတို့ပြုထားတဲ့ စေ့စပ်ကြောင်းလမ်းခြင်းကတိသစ္စာကို သေခြင်းသို့မဟုတ်ကွာရှင်းပြတ်စဲခြင်းအားဖြင့်ပဲဖျက်သိမ်းနိုင်ပါတယ်။ဒီအနေအထားမှာ မယ်တော်မာရီယားမှာလက်မထပ်ခင် ကိုယ်ဝန်ရှိခြင်းဆိုတာကို ဂျူးလူမျိုးတို့ရဲ့ထုံးစံအရ အိမ်ထောင်ရေးပြစ်မှုကျူးလွန်ခြင်းလို့သတ်မှတ်လို့ရပါတယ်။ ဒီလိုပြစ်မှုအတွက် နစ်နာသူခင်ပွန်းလောင်းဖြစ်တဲ့ရှင်ဂျိုးဇက်က မာရီးယားကိုကွာရှင်းဖို့ ဒါမှမဟုတ် ကျောက်ခဲနဲ့ပစ်သတ်ဖို့ဆိုတဲ့ရွေးချယ်စရာနည်းလမ်း၂လမ်းသာရှိသလို၊ ရှင်ဂျိုးဇက်ကလည်း တိတ်တဆိတ် စွန့်ခွာတဲ့နည်းလမ်းကိုတိတ်တိတ်လေး ရွေးချယ်ဆုံးဖြတ်ခဲ့ပြီးသားဖြစ်ပါတယ်။ဒါပေမယ့်လည်း သိကြားတမန်တော်က အိပ်မက်ထဲမှာ မာရီးယားကိုလက်ထပ်ယူဖို့ပြောတော့လည်း ဘာမှစောဒကမတက်ဘဲ အသာတကြည် နာခံခဲ့ပါတယ်။ရှင်ဂျိုးဇက်ဒီလိုနာခံခြင်းမှာချီးကျူးလေးစား၊အတုယူဖွယ်ကောင်းတဲ့ အရည်အချင်း ၄-ခုကိုတွေ့ရှိနိုင်ပါတယ်။၁။ ရှင်ဂျိုးဇက်ဟာဖြောင့်မတ်သောသူတစ်ယောက်ဖြစ်ပါတယ်။(မာတေဦး ၁း၁၉)ဒါ့ကြောင့်လည်း အမျိုးသမီးတစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာကိုငဲ့ကွက်ညှာတာသောအားဖြင့် ဒီအမျိုးသမီးကို လူသိရှင်ကြားအရှက်တကွဲမဖြစ်စေလိုတာကြောင့်သူတို့ရဲ့လူမှုရေးပြဿနာကို တရားနည်းလမ်းကျကျ တိုးတိုးတိတ်တိတ်ပဲဖြေရှင်းကိုင်တွယ်ဖို့ ကြိုးစားခဲ့ပါတယ်။၂။ ရှင်ဂျိုးဇက်ဟာပါးနပ်လိမ္မာသောသူဖြစ်ပါတယ်။(မာတေဦး ၁း၁၉)တကယ်တော့ အိမ်ထောင်ရေးပြစ်မှုကျူးလွန်ခြင်းဆိုတာ ဂျူးထုံးစံအရ အမြင့်ဆုံးသောပြစ်မှုတစ်ခုဖြစ်သလို၊အပြင်းထန်ဆုံး အပြစ်ဒဏ်စီရင်ခွင့်ရှိတဲ့အမှုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်ရှင်ဂျိုးဇက်ကသူ့ရဲ့စေ့စပ်ထားတဲ့သတို့သမီးလောင်းမှာကိုယ်ဝန်ရှိနေခြင်းဆိုတာကို လူသိရှင်ကြားအရှက်တကွဲဖြစ်ရလောက်တဲ့အထိ Scandalအဖြစ်မခံဘဲ၊စာနာကြင်နာခြင်းအပြည့်နဲ့ ဒီသတို့သမီးလောင်းကို တိတ်တိတ်လေးစွန့်ခွာမယ်ဆိုတဲ့နည်းလမ်းကိုပဲလိမ္မာပါးနပ်စွာရွေးချယ်ခဲ့ပါတယ်။၃။ရှင်ဂျိုးဇက်ဟာဘုရားရှင်တော်ရဲ့အလိုတော်ကို မဆိုင်းမတွ တုံ့ပြန်တတ်သူဖြစ်ပါတယ်။(ရှင်မာတေဦး၁း၂၄)သူ့ရဲ့အကြံအစည်၊ရွေးချယ်မှုက ဘယ်လိုပဲရှိခဲ့ပါစေ၊ကောင်းကင်တမန်မှာခဲ့တဲ့အတိုင်း၊ဂျူးလူမျိုးတို့ရဲ့မင်္ဂလာဓလေ့ထုံးတမ်းအစဥ်အလာအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။၄။ရှင်ဂျိုးဇက်ဟာမိမိကိုယ်ကိုထိန်းချုပ်တတ်သူဖြစ်ပါတယ်။(ရှင်မာတေဦး ၁း၂၅)အမိမယ်တော်မာရီးယားကို"ခမည်းတော်ဘုရား၏သမီးတော်"၊"သားတော်ဘုရား၏မယ်တော်"၊"သန့်ရှင်းသောဝိညာဥ်တော်ဘုရား၏ကြင်ယာတော်"ဆိုပြီး အသင်းတော်ကသွန်သင်ထားပါတယ်။ ဒါကြောင့် မယ်တော်မာရီးယားရဲ့ ကညာစင်ဘဝကိုရှင်ဂျိုးဇက်အနေနဲ့ထိပါးစွန်းကွက်စေခဲ့ခြင်းမရှိဘဲ အပြည့်အဝ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့တာကိုယုံမှားသံသယရှိစရာဘာမှမရှိပါဘူး။