14.06.24 - Friday of Week 10
ဇွန်လ ၁၄ ရက်၊ ၂၀၂၄၊ ၁၀ ကြိမ်မြောက်သာမန် သောကြာနေ့
1 kgs 19:9,11-16-ရှင်မာတေးဦး ၅း၂၇-၃၂ , Gospel Mt 5:27-32
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမ ဘာသာတူအပေါင်းတို့...အိန္ဒိယစာကားပုံတစ်ခုက ဘာပြောလဲဆိုတော့ အတွင်းစိတ်မသန့်ရှင်းတဲ့ လူတစ်ယောက်ဟာ သူတော်စင်ဖြစ်နေပါစေ သူဟာမသန့်ရှင်းသူပါပဲ။ အတွင်း၌ သန့်ရှင်းသောလူတစ်ယောက်သည် သူတောင်းစားဖြစ်နေပါစေ သူဟာသန့်ရှင်းမွန်မြတ်သူ ဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမတို့ ဒီစကားပုံကို ပြောရတဲ့အကြောင်းအရင်းကတော့ ယနေ့ ဧဝံဂလိကျမ်းစာတော်မြတ်မှာသခင်ခရစ်တော်က“သင်၏ လက်ယာလက်သည် သင့်ကို အပစ်ထဲသို့ ကျရောက်စေလျှင် ထိုလက်ကို ဖြတ်၍စွန့်ပစ်လော့။ သင်၏ ခန္ဓာကိုယ်တစ်ခုလုံး ငရဲသို့သွားရသည်ထက်ကိုယ်အင်္ဂါတစ်ခု ဆုံးရှုံးရသည်က သာ၍ကောင်း၏” (မာ ၅း၃၀) ဟု မိန့်တော်မူ၏။ ဆိုလိုရင်းအနက်အဓိပ္ပာယ်မှာ မိမိကိုအပြစ်ဖြစ်စေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကို ဖြတ်ထုတ်ပစ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းမှ သီးခြားဖြစ်မနေပါဘူး။ တစ်ခုနှင့်တစ်ခု တစ်ခုနှင့်တစ်ခု ဆက်နွယ်နေတာပါ။ ရှင်ပေါလုပြောတဲ့အတိုင်း “သင်တို့၏ ခန္ဓာကိုယ်သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်၏။” (၁ကော် ၃း၁၆) တစ်ချိန်တည်းမှာပဲ ဘုရားပေးတဲ့ ဒီခန္ဓာကိုယ်ကြီးကို မိမိအလိုဆန္ဒအရ လွဲမှားစွာပြုဖို့ ဖန်တီးပေးတဲ့ပတ်ဝန်းကျင် မကောင်းခြင်းကို ကျွန်ုပ်တို့ ဖြတ်ထုတ်ပစ်ဖို့ ခရစ်တော်သခင်ဟာ ကျွန်ုပ်တို့ကို လေးလေးနက်နက် တိုက်တွန်းပါတယ်။ သို့ဖြစ်ပါ၍ မိမိ၏ အလိုဆန္ဒထက် ဘုရားရဲ့အလိုဆန္ဒကို ဦးစားပေးတတ်သော ကျွန်ုပ်တို့အား အပြစ်လုပ်ရန် ဆွဲဆောင်နေသော ပတ်ဝန်းကျင်ကို အသိပြု ရှောင်ရှားနိုင်ဖို့ လိုအပ်သော ကျေးဖူးတော်များအတွက် ဆုတောင်းကြပါစို့။