18.06.24-11th week of Tuesday-in Ordinary time
ဇွန်လ ၁၈ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန် အင်္ဂါနေ့
1-1 kgs 21:17-19-Gospel Mt 5:43-48 ရှင်မာတေးဦး ၅း၄၃-၄၈
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမ ဘာသာတူအပေါင်းတို့...အင်္ဂလိပ်စကားပုံတစ်ခုက ဘာပြောလဲဆိုတော့ ခွင့်လွှတ်ခြင်းအားဖြင့်ကလက်စားချေခြင်းသည် အမြင့်ဆုံးလက်စားချေခြင်းဖြစ်ပါသည်။ ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်တွင်သခင်ခရစ်တော်သည် ခွင့်လွှတ်ခြင်းအကြောင်းနှင့် ရန်သူကိုချစ်ရမည့်အကြောင်းကို ကျွန်ုပ်တို့ကိုသင်ကြားပေးပါတယ်။ သူတစ်ပါးကို ခွင့်လွှတ်ခြင်းအားဖြင့်ဘာတွေရလဲဆိုတော့ (၁) မိမိမှာကောင်းသောအိပ်စက်ခြင်းကိုရရှိတယ်။ မိမိကိုပစ်မှားမိသူတွေကို အမြဲမြင်ယောင်နေပြီး အိပ်မရတဲ့အချိန်တွေကို ရပ်တန့်နိုင်ပါတယ်။ (၂) မိမိမှာ ကောင်းသောကျန်းမာခြင်းကိုရရှိပါတယ်။ သူတို့အကြောင်းပဲတွေးမိနေပြီး စားမရအိပ်မရတာတွေဖြစ်လာတဲ့အခါ မိမိမှာမျိူးစုံသော ရောဂါများရရှိနိုင်ပါတယ်။သူတို့တွေကို ခွင့်လွတ်ခြင်းအားဖြင့်ရောဂါရရှိခြင်းကိုရပ်တန့်နိုင်ပါတယ်။(၃) မိမိမှာ ကောင်းသောပျော်ရွှင်ခြင်း စိတ်ရွှင်လန်းခြင်းတို့ကို ရရှိပါတယ်။ မိမိရဲ့ပျော်ရွှင်နေတဲ့အချိန်အခိုက်အတန့်မှာသာ သူတို့အကြောင်းကြားရင်သို့မဟုတ်သူတို့ကိုမြင်ရင်မိမိရဲ့ ပျော်ရွှင်ခြင်းတွေဟာ ချက်ချင်းဆိုသလို ပျောက်ဆုံးသွားနိုင်ပါတယ်။ ထို့ကြောင့်သူတို့ကို ခွင့်လွှတ်ခြင်းအားဖြင့် မိမိတို့ရဲ့ ပျော်ရွင်ချိန်များကို ကောင်းစွာပျော်ပါးနိုင်မှာဖြစ်ပါတယ်။ သူတစ်ပါးကို ခွင့်လွှတ်ခြင်းအားဖြင့် မိမိကသာလျှင် ပို၍ကောင်းမွန်သော ဘဝသက်တာကို အသက်ရှင်နေထိုင်နိုင်တာမို့ ခရစ်တော်သခင်က ရန်သူကိုချစ်ဖို့နဲ့ ခွင့်လွတ်ဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်ပါတယ်။ သို့ဖြစ်ပါ၍ ခွင့်လွှတ်ခြင်းအားဖြင့် လွတ်လပ်ပျော်ရွှင်သော နေ့ရက်များကို ရရှိပိုင်ဆိုင်နိုင်သူများဖြစ်ကြဖို့ ဆုတောင်းကြပါစို့။