4.07.2024 –13th week of Thursday in Ordinary time
ဇူလိုင် ၄ ရက်၊ ၂၀၂၄၊ ၁၃ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
Gospel (Matthew 9;1-8) ရှင်မာတေးဦး ၉: ၁ -၈
Reflection by Sr. Benedetta Myat Hnin Nwe,ISR
ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူ၍ ပင်လယ်ကိုဖြတ်ကူးပြီးနောက် မိမိ၏ နေရင်းမြို့သို့ရောက်တော်မူ၏။ ထိုအခါ အိပ်ရာပေါ်တွင် လဲနေသည့်လေဖြတ်နေသောသူတစ်ဦးကို ကိုယ်တော့်ထံသို့ သယ်ဆောင်လာကြလေ၏။ ယေဇူးသည်လည်း ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူလျှင် လေဖြတ်နေသောသူအား ငါ့သား၊ အားမငယ်နှင့်၊ သင်၏အပြစ်များကို ခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။ ထိုအခါ ကျမ်းတတ်ဆရာအချို့တို့က ဤသူသည် ဘုရားသခင်ကိုထိခိုက်၍ ပြောဆိုသည်ဟု မိမိတို့စိတ်ထဲ၌ဆိုကြ၏။ သို့ရာတွင် ယေဇူးသည် ထိုသူတို့၏ စိတ်ထဲမှအတွေးကိုသိမြင်တော်မူ၍ သင်တို့သည်အဘယ်ကြောင့် စိတ်ထဲ၌ အဆိုးမြင်ကြသနည်း။ မည်သည့်စကားသည်ပြောရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီဟု ဆိုခြင်းလော၊ သို့ရာတွင် လူသားသည် လောကတွင်အပြစ်များကို ခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိမြင်စေရမည်ဟုဆိုပြီးမှ လေဖြတ်နေသောသူအား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်းထ၍မိမိ၏ အိမ်သို့ပြန်သွားလေ၏။ လူအစုအဝေးတို့သည် ထိုအခြင်းအရာကို မြင်သောအခါ ထိတ်လန့်ကြ၍လူသားတို့အား ဤသို့သောအခွင့် အာဏာကိုပေးတော်မူသည့်ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြလေ၏။***ထောက်ရှုချက်***မိမိတို့၏ယုံကြည်ခြင်းသည် ထိုလေဖြတ်သောလူနာနှင့်ကူညီသယ်ပို့ပေးသူတို့၏ ယုံကြည်ခြင်းကဲ့သို့ရှိလျှင် ခရစ်တော်၏ခွင့်လွတ်ခြင်း၊ချစ်ခြင်း၊ နှစ်သိမ့်ခြင်းခံရမည်မှာအမှန်ပင် ဖြစ်သည်။ တခါတရံမှာလည်း ဖာရီရှဲများကဲ့သို့ သူတစ်ပါး အောင်မြင်မှုရှိခြင်း၊ ကောင်းမှုကုသိုလ်ပြုလျှင်လည်း အဆိုးမြင်ပြီး မနာလိုဖြစ်ကာ ချောင်းမြောင်း၊ ပုတ်ခတ်ပြောဆို နာမည်ဖျက်တတ်သူလည်း ရှိတတ်သည်။သတိပြုဖို့လိုအပ်သည်။သို့ပင်သော်လည်း ဘုရားသခင်သည် ငါတို့၌ရှိကြောင်း အစဥ်မျက်မှောက်ပြုကာ ၎င်းထိုးနှက်မှုဒဏ်ခံနိုင်ပြီး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နှင့် မိမိတို့၌လည်း မြတ်သောစိတ်ဓါတ် အကောင်းမြင်တတ်သူဖြစ်ဖို့ ကြိုးစားကြပါစို့။