10.7.2024 –14th Wednesday in Ordinary time
ဇူလိုင် ၁၀ ရက်၊ ၂၀၂၄၊ ၁၄ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့
Gospel Mt.10:1-7- ရှင်မာတေးဦး ၁၀: ၁-၇
Reflection by Sr. Benedetta Myat Hnin Nwe,ISR
ကိုယ်တော်သည် တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့ကို အထံတော်သို့ ခေါ်ဆောင်တော်မူပြီးနောက် ညစ်ညူးသောနတ်ဆိုးများကိုနှင်ထုတ်နိုင်ရန် နှင့် အနာရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်ရန်အခွင့်အာဏာကိုပေးအပ်တော်မူ၏။တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့၏ အမည်များကား ပထမဦးစွာပေတရုဟု ခေါ်သော စီမွန်နှင့်သူ၏ညီအန္ဒြေးယ၊ ဇေဘေဒေးဦး၏သားဖြစ်သောယာကုပ် နှင့် သူ၏ညီယောဟန်၊ ဖိလိပု နှင့် ဘာသိုလိုမေးဦး၊ သောမနှင့်အခွန်ခံသူမာတေးဦး၊ အာလ်ဖေးဦး၏သား ယာကုပ် နှင့် သာဒေးဦး၊ ကာနန်နယ်သားစီမွန် နှင့်ကိုယ်တော့်ကို အပ်နှံသော ဂျုဒအစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။ ယေဇူးသည် ထိုတပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့ကို စေလွှတ်၍ မိန့်မှာတော်မူသည်ကား လူမျိုးခြားတို့၏ နယ်များသို့မသွားကြနှင့်။ ဆမာရိယလူမျိုးတို့၏ မြို့ရွာများကိုလည်း မဝင်ကြနှင့်။ အစ္စရာအဲလ်လူမျိုးများထဲမှလမ်းမှားပျောက်ဆုံးနေသောသိုးများ ထံသို့သာသွားကြလော့။ သင်တို့သွားကြစဉ် ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီဟု ဟောပြောကြလော့။***ထောက်ရှုချက်***ခရစ်တော်သည် သူ့တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့ကို အခွင့်အာဏာကိုပေးအပ်ပြီး လမ်းမှားပျောက်ဆုံးနေသော သိုးများထံသို့စေလွှတ်ခဲ့သလိုပင် ဆေးကြောခြင်းခံယူခဲ့ကြပြီးသော ကျွန်ုပ်တို့သည်လည်း ကျေးဇူးတော်ပြည့်ဝစွာပေးထားခဲ့သည်။ နာမည်နာမ နှင့်လည်းပေးထားခဲ့ပြီးဖြစ်သည်။ ထိုနည်းတူပင် ဤယနေ့သမ္မာကျမ်းစာတော်ထဲမှ ခရစ်တော်အလိုရှိသောလမ်းအတိုင်းလျှောက်လှမ်းဖို့၊ လမ်းလွဲသွေဖီ မသွားမိစေဖို့ သတိပေးနေပါသည်။ ဝိညာဥ်ရေး လမ်းမှားပျောက်ဆုံးနေသောသူ၊ အကူအညီလိုအပ်သောသူ၊ အထီးကျန်ဆန်နေသူထံ သွားရောက်နှစ်သိမ့်အားပေးဖို့လည်း ခွန်အားပေးလျက်ရှိပါသည်။ ဆက်လက်လုပ်ဆောင်နိုင်ရန် ဘုရားရှင်ထံ ဆုတောင်းကြပါစို့။