22.07.2024 - 16th week of Monday in Ordinary time
ဇူလိုင် ၂၂ ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့
St. Mary Magdalen
Gospel (John 20: 1-2, 11-18) ရှင်ယောဟန် ၂၀း၁-၂,၁၁-၁၈
Reflection by Sr. Benedetta Myat Hnin Nwe,ISR
ရက်သတ္တပတ်၏ ပထမနေ့နံနက်စောစောမှောင်နေဆဲအချိန်တွင် မာရိယာမာဒလေးနာသည် သင်္ချိုင်းတော်သို့ လာ၍ ကျောက်တုံးသည်သင်္ချိုင်းဂူဝမှရွှေ့ထားလျက်ရှိသည်ကို မြင်၏။ သို့ဖြစ်၍ သူမသည်ပြေး၍ စီမွန်ပေတရု နှင့် ယဇူးချစ်တော်မူသော တပည့်တော်ထံသို့သွားပြီးလျှင် ထိုသူတို့သည် သခင်ဘုရားကိုသင်္ချိုင်းဂူမှဆောင်ယူသွားကြပါပြီ။ ကိုယ်တော့်ကို သူတို့အဘယ်မှာထားကြသည်ကို ကျွန်မတို့မသိပါဟုတပည့်တော်တို့အားဆို၏။ မာရိယာမူကား သင်္ချိုင်းဂူအပြင်၌ ငိုကြွေးလျက်ရပ်နေလေ၏။ သူမသည် ငိုကြွေးနေစဉ်သင်္ချိုင်းဂူအတွင်းသို့ငုံ့လျှိုး ၍ ကြည့်လိုက်ရာ၊ဖြူစင်သောအဝတ်ကို ဝတ်ဆင်ထားသော ကောင်းကင်တမန်တော်နှစ်ပါးသည်ယေဇူး၏ အလောင်းတော်ထားခဲ့သည့်နေရာတွင် ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါးထိုင်လျက်ရှိသည်ကို မြင်လေ၏။ ကောင်းကင်တမန်တော်တို့က အချင်းအမျိုးသမီး၊အဘယ်ကြောင့်ငိုကြွေးသနည်းဟု သူမကိုမေးကြလျှင် သူမက ကျွန်မ၏အရှင်သခင်ကို ထိုသူတို့ယူဆောင်သွားကြပါပြီ။ ကိုယ်တော်အား သူတို့မည်သည့်နေရာတွင်ထားသည်ကို ကျွန်မမသိပါဟုဆိုလေ၏။ ဤသို့ ဆိုပြီးနောက် သူမသည် လှည့်ကြည့်လိုက်ရာ ယေဇူးရပ်နေသည် ကိုမြင်လေ၏။ သို့သော်ထိုသူသည် ကိုယ်တော်ဖြစ်ကြောင်းကို သူမမသိချေ။ ယေဇူးက အချင်းအမျိုးသမီး၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ မည်သူ့ကို သင်ရှာဖွေသနည်း ဟုမေးတော်မူလျှင် မာရိယာသည် ကိုယ်တော်အား ဥယျာဉ်စောင့်ဟုထင်မှတ်၍ သခင်၊သူ၏အလောင်းကို သခင်ယူဆောင်သွားခဲ့ပါလျှင် မည်သည့်နေရာ၌ထားသည်ကိုကျွန်မအားပြောပါ။ သူ့ကို ကျွန်မယူဆောင်သွားပါမည်ဟုဆိုလေ၏။ ယေဇူးက မာရိယာဟုသူမအား ခေါ်တော်မူလျှင် သူမသည် နောက်သို့လှည့်၍ ဟေဗြေဦးဘာသာဖြင့် ရာဘောနီဟု ကိုယ်တော်အား ခေါ်လေ၏။ (ရာဘောနီ၏ အဓိပ္ပာယ်ကား ဆရာဟုဆိုလိုသတည်း။) ယေဇူးက ငါ့ကိုမထိနှင့်။ အကြောင်းမူကား ငါသည်ခမည်းတော်ထံသို့ တက်ကြွမသွားရသေး။ သင်မူကား ငါ၏ညီအစ်ကိုများရှိရာသို့ သွားပြီးလျှင် ငါသည်ငါ၏ ခမည်းတော်တည်းဟူသော သင်တို့၏ ခမည်းတော်၊ငါ၏ ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့တက်ကြွမည့်အကြောင်းကို ပြောကြားလော့ဟုမိန့်တော်မူ၏။ ထိုအခါ မာရိယာမဒလေးနာသည် သွား၍ ကျွန်မသည် သခင်ဘုရားကိုဖူးမြင်ခဲ့ရပြီ ဟု တပည့်တော်တို့အားဆိုလျက် မိမိအား ကိုယ်တော်မိန့်တော်မူခဲ့သော အကြောင်းအရာ များကို သူတို့အား ပြောပြလေ၏။*ထောက်ရှုချက်*သခင်ယေဇူးကို အမှန်တကယ်ချစ်၊ အမှန်တကယ်ယုံကြည်၊ အမှန်တကယ်ရှာဖွေ၊ အမှန်တကယ်တွေ့ရှိ၊ အမှန်တကယ် သက်သေခံနိုင်သူဟာ မာဒါလေးနာဖြစ်ကြောင်း ဒီနေ့သမ္မာကျမ်းစာမှာ ပြန်လည်သတိပေးလျက်ရှိပါသည်။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို ပထမဆုံတွေ့ရှိသူဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်ကို အမှန်တကယ်ချစ်ဖို့၊ ရှာဖွေဖို့၊ သက်သေခံဖို့၊ ယုံကြည်ခြင်းပြည့်ဝဖို့ ခွန်အားယူဆုတောင်းကြပါစို့။