25.07.2024 - 16th week of Thursday in Ordinary time
ဇူလိုင် ၂၅ ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
St. James, Apostle-Feast
Gospel (Matthew 20: 20-28) ရှင်မာတေးဦး ၂၀း၂၀-၂၈
Reflection and Posted by Sr. Benedetta Myat Hnin Nwe,ISR
ထို့နောက် ဇေဘေဒေးဦးသားများ၏ မိခင်သည် မိမိသားတို့ နှင့်အတူ အထံတော်သို့ ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကိုယ်တော့်ထံမှဆုကျေးဇူးကို တောင်းလျှောက်လေ၏။ ကိုယ်တော်ကလည်း မည်သည့်အရာကိုသင်အလိုရှိသနည်း ဟုမေးတော်မူလျှင် သူမကကိုယ်တော်၏ နိုင်ငံတော်တွင် ကျွန်မ၏သားဤသူနှစ်ယောက်တို့သည် ကိုယ်တော်၏ လက်ယာဘက်၌တစ်ယောက်၊ ကိုယ်တော်၏ လက်ဝဲဘက်၌တစ်ယောက်ထိုင်ခွင့်ရစေရန် အမိန့်ရှိတော်မူပါဟု တောင်းလျှောက်လေ၏။ သို့သော် ယေဇူးကသင်တို့တောင်းသောအရာကိုသင်တို့မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက်နိုင်ကြသလောဟု မေးတော်မူလျှင်သူတို့က သောက်နိုင်ပါ၏ ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။ ကိုယ်တော်ကလည်း ငါ၏ခွက်ကို သင်တို့သောက်ကြရလိမ့်မည်မှန်၏။ သို့သော် ငါ၏ လက်ယာဘက်နှင့်လက်ဝဲဘက်တွင် ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ဤအခွင့်သည် ငါ၏ ခမည်းတော်ပြင်ဆင်ထားပြီးသော သူတို့အတွက်သာဖြစ်သည်ဟု သူတို့အားမိန့်တော်မူ၏။ တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြလျှင်ထိုညီအစ်ကိုနှစ်ယောက်အပေါ်အမျက်ထွက်ကြ၏။သို့သော် ယေဇူးကသူတို့ကို အထံတော်သို့ ခေါ်၍ မိန့်တော်မူသည်မှာလူမျိုးခြားတို့၏ ဘုရင်တို့သည် တိုင်းသူပြည်သားများ အပေါ်အနိုင်အထက်ပြုတတ်ကြသည်ကိုလည်းကောင်း၊ အကြီးအကဲဖြစ်သူတို့သည် မိမိတို့လက်အောက်ခံများအပေါ် အာဏာဖြင့်ဖိနှိပ်တတ်ကြသည်ကို လည်းကောင်း သင်တို့သိကြ၏။ သင်တို့တွင် ထိုသို့မဖြစ်စေရ။ သင်တို့ထဲတွင် ကြီးမြတ်လိုသော သူသည်သင်တို့၏ အစေခံဖြစ်ရမည်။ သင်တို့တွင် အကြီးအမှူးဖြစ်လိုသော သူသည် သင်တို့၏ ကျွန်ဖြစ်ရမည်။ လူသားသည် သူတစ်ပါးကိုစေခိုင်းခြင်းငှာ မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏ အသက်ကိုစွန့် ၍ လူအများကို ကယ်တင်ခြင်းငှာလည်းကောင်းကြွလာတော်မူသည်ဟု မိန့်တော်မူ၏။**ထောက်ရှုချက်**ဘုရားအတွက်သာသနာပြုရာတွင်နေရာ၊ ရာထူး၊လစာကောင်းကောင်း မျှော်ကိုးပြီးရမှလုပ်မည်ဆိုလျှင်ဘုရားသခင်ပေးမည့် ထာဝရကောင်းကင်ဆုလဒ် လွဲချော်သွားနိုင်မည် ဖြစ်သည်။လူ့သဘာဝအရအကြီးနှင့်အငယ်၊ အထက်နှင့်အောက်၊ သူဌေးနှင့် အလုပ်သမားစသည်တို့ကိုအနိုင်အထက်ပြုခြင်း၊ခွဲခြားဆက်ဆံခြင်း၊အာဏာဖြင့်ဖိနှိပ်တတ်ခြင်းပြုတတ်ကြသည်ကို မြင်တွေ့၊ ကြုံတွေ့ကြရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့သည်ထိုကဲ့သို့မဖြစ်သင့်ကြောင်း ခရစ်တော်သွန်သင်ပေးခဲ့သည်။ အသင်းအဖွဲ့အကြီးအကဲ၊ ခေါင်းဆောင်၊ ဥက္ကဌ၊ အိမ်ထောင်ဦးစီး စသည့်သူများတို့သည် သားသမီး၊ ငယ်သားများနှင့်အားလုံး၏ အစေခံခေါင်းဆောင်ကောင်း ဖြစ်ရမည်ကို သခင်ခရစ်တော် ကိုယ်တိုင်ပင် စံပြဖြစ်ကာ သက်သေခံပြသပေးခဲ့သည်။ ဘုရားသားသမီးများအားလုံး အစေခံခေါင်းဆောင်ကောင်းများ ဖြစ်နိုင်ကြပါစေ။