30.07.2024 – 17th week of Tuesday in Ordinary time
ဇူလိုင် ၃၀ ရက်၊ ၂၀၂၄၊ ၁၇ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့
Gospel (Matthew 13: 36-43) ရှင်မာတေးဦး ၁၃း၃၆-၄၃
Reflection by Sr. Benedetta Myat Hnin Nwe,ISR
ထို့နောက် ကိုယ်တော်သည် လူအစုအဝေးထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါတပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ်၍ လယ်ထဲရှိပေါင်းပင်များ၏ ပုံဥပမာကို မိမိတို့အားရှင်းပြတော်မူပါဟုလျှောက်ထားကြ၏။ ကိုယ်တော်ကလည်း ကောင်းသောမျိုးစေ့ကို ကြဲသောသူသည်လူသားဖြစ်၏။ လယ်ကွင်းကား ဤကမ္ဘာလောကပေတည်း။ ကောင်းသောမျိုးစေ့သည်ကား နိုင်ငံတော်သားများဖြစ်ကြ၏။ ပေါင်းပင်များကား နတ်ဆိုး၏သားများဖြစ်ကြ၏။ ယင်းမျိုးစေ့များကိုကြဲသောရန်သူကားနတ်ဆိုးပင်ဖြစ်၏။ စပါးရိတ်သိမ်းချိန်ကား ဤကမ္ဘာကုန်သောအချိန်ဖြစ်၏။ ရိတ်သိမ်းသောသူများသည်ကား ကောင်းကင်တမန်တော်များဖြစ်၏။ ပေါင်းပင်များကိုစုသိမ်းပြီး မီးရှို့ရသကဲ့သို့ ကမ္ဘာကုန်သောကာလ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။၎င်းတို့ကို တောက်လောင်နေသောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထိုနေရာ၌လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။ ထို့နောက် ဖြောင့်မတ်သောသူတို့သည် မိမိတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ ကြားခြင်းငှာနားရှိသောသူသည် ကြားပါစေ။*ထောက်ရှုချက်*ယနေ့ကြားနာခဲ့ရသောနှုတ်ကပတ်တော်မှကျွန်ုပ်တို့သည် နေ့စဥ်အပြစ်နှင့်ပြည့်နေသော လောက၊ ပတ်ဝန်းကျင်တွင်ရှင်သန်ရင်း နတ်ဆိုး၏အပြစ်မကောင်းမှု စသောအရာများထဲကရန်းထွက်ကျော်လွှားကာ ကောင်းသောလုပ်ရပ်၊ ပါရမီကျင့်ကြံမှုကိုကြိုးစားရှာဖွေနေကြသည်။ ကောင်းကင်နိုင်ငံတော်သည် ကျွန်ုပ်တို့အလယ်တွင်ရှိသည်ကို မိမိတို့၏ ကောင်းသောမျိုးစေ့ဖြစ်သောနှုတ်ကပါတ်တော်နာယူပြီး ဘုရား၏အသံကိုပြန်တုံ့ပြန်ခြင်း လူများကိုကောင်းသောပုံသက်သေပြခြင်းဖြစ်သည်။ ဘုရား၏အလိုတော်ကိုဆောင်ရွက်ကာ ဖြောင့်မတ်သောအသက်တာဖြင့် မိမိတို့၏အလင်းကို လူတွေအတွက်လင်းစေနိုင်ဖို့ နှင့် ကိုယ်တော်၏ နှုတ်တော်ထွက်စကားကိုသာ ကျင့်ကြံနေထိုင်နိုင်ပါစေကြောင်း ဆုတောင်းခွန်အားယူကြပါစို့။