9.8.2024 - 18th week of Friday in Ordinary time
သြဂုတ်လ ၉ ရက်၊ ၂၀၂၄၊ ၁၈ကြိမ်မြောက်သာမန်ကာလ သောကြာနေ့
Gospel (Matthew Mt 16: 24- 28) ရှင်မာတေးဦး ၁၆း၂၄-၂၈
Reflection by by Novices (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်ယာန်အသက်တာဟာ ခရစ်တော်နောက်လိုက်ခြင်းဖြစ်တယ်ဆိုတော့ ခရစ်တော်မည်သို့မည်ပုံရှင်သန်ခဲ့သည့်အကြောင်းနှင့် သူလျှောက်ခဲ့တဲ့လမ်းကို ပြန်လည်သတိရကြပါစို့။ သမ္မာကျမ်းစာမှာ လာတဲ့အတိုင်း ခရစ်တော်ဟာကမ္ဘာလူသားကိုကယ်တင်ဖို့ ကောင်းကင်ဘုန်းစည်းစိမ်ကိုစွန့်ပြီး နှိမ့်ကျလှတဲ့ဤကမ္ဘာပေါ် ဆင်းကြွလာခဲ့တယ်။ လူသူမသိဆင်းရဲနုံချာစွာ ကြီးပြင်းလာပြီးကယ်တင်ခြင်းလုပ်ငန်းစဉ်ကို အသက်သုံးဆယ်မှာ တရားဝင်စတင်ခဲ့တယ်။ သူ့ရဲ့အံ့ဖွယ်ကောင်းတဲ့ တန်ခိုးလက္ခဏာတွေ၊စိတ်ဝင်စားစရာကောင်းတဲ့ ပုံဥပမာတွေနဲ့သူ့၏ကရုဏာသက်သော ကြင်နာစကားတွေ၊ ကုသခြင်းတွေကြောင့် သူ့တရားဟာထွန်းထွန်းပေါက်ပေါက်ဖြစ်ခဲ့ပါတယ်။ တရားဒေသနာကိုအားကြိုးမာန်တက်ဟောပြောနေရင်း မနာလိုသူတစ်ချို့တွေရဲ့ပြစ်တင်စွပ်စွဲမှုကိုရင်ဆိုင်ခဲ့ရတယ်၊ နောက်ဆုံးတော့ အလွန်လေးလံပြီးထမ်းရန်ခက်ခဲတဲ့လက်ဝါးကားတိုင်ကိုထမ်းပြီးအဲဒီကားတိုင်ပေါ်မှာဘဲ အသတ်ခံဖို့အမိန့်ပေးခြင်းခံခဲ့ရတယ်။သူ့ရဲ့သေခြင်းဟာတကယ်ဘဲ နာကြည်းစဖွယ်၊ မနှစ်မြို့စဖွယ်ပင်ဖြစ်တယ်။ သို့သော်သူ့ရဲ့သေခြင်းအားဖြင့် ခမည်းတော်ရဲ့ဘုန်းတော်ထင်ရှားစေခဲ့ပြီးလူသားတစ်ရပ်လုံးအတွက် ကယ်တင်ခြင်း သတင်းကောင်းကို ဆောင်ယူပေးခဲ့တယ်။ ဒီကနေ့ခရစ်တော်ဟာ ထာဝရအသက်ရှင်ပြီး သေမင်းကိုအောင်နိုင်သူ အဖြစ်ကျွန်ုပ်တို့နဲ့အတူရှိနေတယ်။ ခရစ်တော်၌ယုံ ကြည်သူကျွန်ုပ်တို့သည်လည်းစာတန်ရဲ့နှောင့်ယှက်ခြင်းကို ခုခံကြရမှာဖြစ်တယ်။ လောကီတပ်မက်မှုကိုစွန့်ပြီးလောကုတ္တရာ၌ ကျင်လည်ကြရမှာဖြစ်ပါတယ်။ ဒုက္ခနဲ့တွေ့ကြုံရတဲ့အခါမျှော်လင့်ချက်မပျောက်ဆုံးဘဲ ခရစ်တော်ယူဆောင်လာပေးမဲ့သုခချမ်းသာကိုအစဉ်မျှော်ကိုးရင်း နေ့စဉ်နှင့်အမျှခံထမ်းရတဲ့ကားတိုင်ကို ဝမ်းမြောက်သော စိတ်နဲ့ထမ်းကြရမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် ခမည်းတော်ရဲ့ဘုန်းတော်ကို ထင်ရှားစေကြရမှာဖြစ်ပါတယ်။ ထို့အပြင် ခရစ်တော်ဟာ ခမည်းတော်ရဲ့အလိုတော်ကိုအမြဲဆောင်ရွက်ခဲ့သလိုမျိုးယုံကြည်သူစီတိုင်းဟာ မိမိ၏အလိုဆန္ဒကို အသေခံပြီးဘုရားရှင်ရဲ့အလိုတော်ကို ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဘုရားရှင်ရဲ့အလိုတော်ကို သိနိုင်ဖို့ရန်အတွက် ဝိညာဉ်တော်ဘုရားရဲ့ အလင်းပေးမှုကိုနေ့စဉ် တောင်းခံကြရပါမယ်။ သူ့ကိုကျိုးနွံနာခံတတ်ရပါမယ်။ သို့မှသာ ဝိညာဉ်တော်ဘုရားဟာကျွန်ုပ်တို့ဘဝမှာဆက်လက်အလုပ်လုပ်ပြီး ကျွန်ုပ်တို့ကို ကိုယ်တော်ရှင်ရဲ့အလိုတော်အတိုင်းရှင်သန်နိုင်ရန် ကူညီလမ်းပြပေးမှာဖြစ်တယ်။ ကိုယ်တော်ရှင်ရဲ့ အလိုတော်ကို လုပ်ဆောင်ရင်းဖြောင့်မတ်ခြင်းအသက်တာကို ရရှိပိုင်ဆိုင်ကြမှာဖြစ်တယ်။ ထို့ကြောင့် ခရစ်တော်၌ယုံကြည်သူ အပေါင်းတို့ ဒုက္ခအခက်ခဲကြား၌ကိုယ်တော်ရှင်ရဲ့အလိုတော်ကိုရှာဖွေတွေ့ရှိပြီး အလိုတော်အတိုင်း ရှင်သန်နိုင်ကြပါစေ။