10.8.2024- 18th week of Saturday in Ordinary time
သြဂုတ်လ ၁၀ ရက်၊ ၂၀၂၄၊ ၁၈ကြိမ်မြောက်သာမန်ကာလ စနေနေ့
St. Laurance, Deacon, Martyr-Feast
Gospel (John 12: 24-26) ရှင်ယောဟန် ၁၂း၂၄-၂၆
Reflection by Novices (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR
ဤယနေ့သမ္မာကျမ်းစာတော်မြတ်မှဘုရားသခင်သည် ကျွန်ုပ်တို့ကို တိုက်တွန်းနိုးဆော်သည်မှာကျွန်ုပ်တို့ ထာဝရရှန်သန်နိုင်ရန်အတွက် မိမိအသက်ကို အကြွင်းမဲ့ဆက်ကပ်ပူဇော်ခဲ့သော သခင်ယေဇူးပြုလုပ်ခဲ့သည့်အတိုင်း ဆေးကြောခြင်းစက္ကရမင်းတူးမင်္ဂလာကို ခံယူပြီးသောကျွန်ုပ်တို့ယုံကြည်သူတိုင်းသည် ကောင်းကင်နိုင်ငံတော်ထွန်းကားစေရန်အတွက်နှင့် ကိုယ်တော်၏ဘုန်းတော်ဂုဏ်တော် တိုးပွါးထင်ရှားစေရန်အတွက် မိမိကိုယ်ကိုသော်လည်းကောင်း အထူးသဖြင့် မိမိတို့၏လိုအင်ဆန္ဒများကို ငြင်းပယ်ကာ တစ်ပါးသူအတွက်၊ ဘုရားအတွက် ရှင်သန်နေထိုင်ဖို့ရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှမတူညီသောကျေးဇူးတော်များနှင့်ကွဲပြားခြားနားသော ခေါ်တော်မူခြင်းများရရှိထားပါသည်။ ကျွန်ုပ်တို့ရရှိထားသောကျေးဇူးတော်များအတွက် ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းရင်း မိမိတို့၏ ညီအစ်ကိုမောင်နှမ၊ မိမိတို့၏ပတ်ဝန်းကျင်တို့အား ဘုရားသခင်၏ချစ်ခြင်း၊ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းများကို ပိုမိုသိရှိလာစေရန်ဝေမျှကြပါစို့။ ထို့ကြောင့်"အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ငါ့နောက်သို့လိုက်ရမည်”ဟု သခင်ယေဇူးမိန့်တော်မူသည့်အတိုင်း မတူညီသောခေါ်တော်မူခြင်းကိုရရှိသော ကျွန်ုပ်တို့တစ်ဦးစီသည် ကျွန်ုပ်တို့ လျှောက်လှမ်းနေသော မိမိတို့ခေါ်တော်မူခြင်းလမ်းပေါ်၌ သခင်ယေဇူး၏ နောက်လိုက်ကောင်းအဖြစ်ကြိုးစားသွားကြပါစို့။ သခင်ယေဇူး၏ နောက်လိုက်ကောင်းဖြစ်ဖို့ရန်အတွက် ဤနေ့ပွဲနေ့ရှင် စိန့်လောရင်းနှင့် ကျွန်ုပ်တို့ကို စံနမူနာကောင်းများပြသပေးခဲ့သော ရဟန္တာသူတော်သူမြတ်များတို့၏ ရှင်သန်ခြင်းအသက်တာ၊ သူတို့ရဲ့ဘဝကို ဘုရား၏နိုင်ငံတော်အတွက်၊ ဆင်းရဲသားများအတွက် အသက်ပေးဆက်ကပ်သွားခဲ့သည်များကိုထောက်ရှုခြင်းဖြင့်ထိုသူတို့ကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့နေ့စဉ် ရှင်သန်ခြင်းအသက်တာတွင် မိမိနှင့်နီးစပ်သောသူများတို့အား မေတ္တာကရုဏာပြသခြင်း၊ အကူအညီလိုအပ်နေသော ညီအစ်ကိုမောင်နှမများအားခွန်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ တတ်နိုင်သမျှဝမ်းမြောက်သောစိတ်နှလုံးနှင့်ကူညီပေးခြင်းများကို ကျွန်ုပ်တို့အတူတကွ ကြိုးစားလုပ်ဆောင်သွားကြပါစို့။ သို့မှသာ“ငါ၏အမှုတော်ကို ထမ်းဆောင်လျှင်ခမည်းတော်ဘုရားသည် သူ့ကိုချီးမြှောက်တော်မူလိမ့်မည်”ဟုယေဇူးကိုယ်တော်တိုင် ကတိထားခဲ့သည့်အတိုင်း ထိုချီးမြှောက်ခြင်းကတိတော်ကို ရရှိပိုင်ဆိုင်နိုင်ရန်ကြိုးစားကြပါစို့လား။