18.8.2024– 20th Sunday in Ordinary Time
သြဂုတ်လ ၁၈ ရက်၊ ၂၀၂၄၊ ၂၀ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့
Reflection by Novices.SdP
Posted by Sr. Benedetta Myat Hnin New(ISR)
John 6: 51-58 - ရှင်ယောဟန် ၆း၅၁-၅၈
နှစ်ဆယ်ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ မှာ ကျွန်ုပ်တို့အားလုံးကို ပြန်လည်၍သတိရစေတဲ့အချက်တစ်ချက်က ဘာလဲဆိုတော့‘သူ့အချစ်’ဆိုတဲ့စကားလုံး သုံးလုံးဖြစ်ပါတယ်။ ဒီကနေ့ကျမ်းသုံးကျမ်းလုံးကိုကြည့်လိုက်မယ်ဆိုရင် ‘ပေးကမ်းဝေငှခြင်း’ ဆိုတဲ့အကြောင်းကိုတွေ့ရတယ်။ ‘ပေးကမ်းဝေငှခြင်း’ ဆိုတာ ‘သူ့အချစ်’ ဆိုတဲ့ စကားလုံးကနေပေါက်ဖွားလာတာဖြစ်တယ်။ ဘယ်သူကဘယ်သူ့ကို ပေးကမ်းဝေငှနေလဲဆိုတာ အတူတူထောက်ရှုကြပါစို့။ ပထမကျမ်းမှာ ဘုရားသခင်ကသူချစ်တဲ့ ကျွန်ုပ်တို့အပြစ်သားအားလုံးကိုကမ်းလှမ်းနေသည်မှာ ပေါင်မုန့်နှင့် သူကိုယ်တိုင်ရောစပ်ထားတဲ့စပျစ်ရည်ကို စားသောက်ဖို့ရန်အတွက်ဆင့်ခေါ်ခြင်းဖြစ်တယ်။ အပြစ်နွံ့ထဲမှာနစ်မွန်းနေတဲ့ကျွန်ုပ်တို့ကို အမြင်မှန်၊အမြင်သစ်သို့ ခေါ်ယူနေခြင်းဖြစ်တယ်။ ဘုရားသခင်က သူမနှစ်သက်တဲ့လမ်းပေါ်လျှောက်နေခြင်းကိုစွန့်လွတ်ပြီးသူ့ဖက်လှည့်ကာ အသက်တာသစ်ကိုလက်ခံယူဖို့ကျွန်ုပ်တို့တစ်ဦးချင်းဆီကိုဖိတ်ခေါ်နေတယ်။ ဒုတိယကျမ်းမှာတော့ပညာမဲ့သူကဲ့သို့မဟုတ်ဘဲပညာရှိသူတို့ကဲ့သို့ကျင့်ကြံအသက်ရှင်နိုင်ရန်အတွက် စိန့်ပေါလ်ကဧဖက်ဆုမြို့မှာရှိတဲ့ဘာသာတူနှင့်တကွကျွန်ုပ်တို့အားလုံးကိုသတိပေးနှိုးဆော်နေပါတယ်။အထူးသဖြင့် ဒီခေတ်ဒီခါမှာ ကျွန်ုပ်တို့ဘဝပျက်စီးဖို့ အင်မတန်မှ လွယ်ကူလွန်းတယ်။ ဘုရားရဲ့အလိုတော်ထက်ကိုယ့်ရဲ့အလိုအတိုင်း လုပ်ဆောင်နေကြတယ်။ လွတ်လပ်နေတဲ့ဒီခေတ်မှာ ဘုရားအလိုတော်ကို လွတ်လပ်စွာ ရှာဖွေလုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။ မိမိကိုယ်ကို သတိတရားနဲ့ ရှင်သန်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့နှလုံးသားဟာ ဝိညာဉ်တော်ဘုရားရဲ့ အိမ်တော်ဖြစ်၏။ ကျွန်ုပ်တို့နှင့်အတူ သူအစဉ်အမြဲရှိနေကြောင်း နှလုံးသွင်းကာ ရှင်သန်ကြပါစို့။ဧဝံဂေလိကျမ်းမှာ ဘုရားသခင်အလွန်ချစ်မြတ်နိုးတဲ့ သားတော်ကို ကျွန်ုပ်တို့ကမ္ဘာမြေကြီးအား ပေးခဲ့တယ်။‘ငါ၏အသားကိုစား၍ ငါ၏အသွေးတော်ကို သောက်သောသူသည် ထာဝရအသက်ကိုရ၏ငါသည်လည်းထိုသူကို နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေမည်’ ဟုယေဇူးသခင်ကိုယ်တော်တိုင် မြွက်ဆိုခဲ့တယ်။ အဖခမည်းတော်၏ရက်ရောမှုကို ဘယ်အရာနဲ့မှ တိုင်းတာ၍မရနိုင်သလို ထိုနည်းတူစွာဘဲ သားတော်ဘုရား၏ရက်ရောမှုကိုလည်း တွက်ချက်လို့မရနိုင်ပါဘူး။ သားတော်ယေဇူးက ကျွန်ုပ်တို့ကို ဘယ်လောက် ချစ်လဲဆိုတော့ ကျွန်ုပ်တို့နှင့်အတူ ထာဝရတည်ရှိဖို့ရန်အတွက် နောက်ဆုံး ညစာစားပွဲမှာ ကိုယ်တော်မြတ်စက္ကရမင်းတူးကို တည်ထောင်ပေးခဲ့တယ်။ ဤအချက်တွေကို ကြည့်ခြင်းအားဖြင့် ‘သူ့အချစ်’ကြောင့် အရာအားလုံး ဖြစ်တည်လာခဲ့တယ်ဆိုတာကို ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ နှလုံးသားမှာ မှတ်သားလေ့လာကြပါစို့။