19.8.2024– Monday of 20th week in Ordinary Time
သြဂုတ်လ ၁၉ ရက်၊ ၂၀၂၄၊ ၂၀ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့
St. John Eudes, Priest
Reflection by Novices, SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Matthew 19: 16-22- ရှင်မာတေးဦး ၁၉း၁၆-၂၂
ဤယနေ့ နှုတ်တော်ထွက်စကား၌ သခင်ယေဇူးနှင့်လူငယ်လေး ထာဝရအသက်ရရန်အကြောင်း ဆွေးနွေးသည်ကို ကြားနာရပါသည်။ လူငယ်လေးသည် ချမ်းသာသောသူလည်းဖြစ်ပြီး၊ပညတ်တော်နှင့်ပတ်သက်သမျှသောအရာများကို တသွေမတိမ်းလိုက်နာကျင့်ကြံသောသူဖြစ်ပါသည်။ သို့သော်လည်း သခင်ခရစ်တော်က ထာဝရအသက်ကိုရရှိလိုပါက“သင်ပိုင်ဆိုင်သမျှအရာအားလုံးကိုရောင်းချပြီး ဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲကာ ငါ့နောက်သို့လိုက်လော့”ဟုပြောသောအခါ မျက်နှာညှိုးငယ်စွာဖြင့်ပြန်သွားခဲ့သည်ကိုတွေ့ရပါသည်။ လူငယ်လေးအပိုင်းကို ထောက်ရှုကြည့်မည်ဆိုလျှင် သူသည်အင်မတန်ချမ်းသာကြွယ်ဝပြီး ဖြောင့်မတ်သောသူဟုဆိုနိုင်ပါသည်။ သို့သော်လည်း သူပိုဆိုင်သမျှအရာကို ရောင်းချရမည်ဆိုသောအခါ ဝမ်းနည်းခြင်းဖြင့်ပြည့်နက်နေသည်ကို ထောက်ရှုရပါသည်။ ထိုနည်းတူစွာ သူတော်စင်ဘောင်ကို လျှောက်လှမ်းလိုသော သူများသည်လည်း ဤအခက်အခဲမျိုးနှင့်တွေ့ကြုံကြရပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတော်စင်ဘဝကို ရွေးချယ်ပြီဆိုလျှင် မိဘ၊ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်းများကိုစွန့်လွတ်ရသည့်အပြင်ကိုယ့်အလိုဆန္ဒများကိုလည်း စွန့်လွတ်ရသည်။ဤခေတ်အခါမှာ သူတော်စင်ဘောင်သို့ခေါ်တော်မူခြင်းနည်းပါးလာသည်ကို တွေ့ရှိရပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆိုရှယ်မီဒီယာတွေနှင့်လွှမ်းမိုးနေသော ဤခေတ်ဤအခါမှာ လူငယ်များ၌စိတ်ဝင်စားမှုနည်းပါးသွားပါသည်။ အထူးသဖြင့်ခေါင်းထဲမှာ ပိုက်ဆံဘယ်လိုရှာရမည်ဟုသာ တွေးတောလာကြပါသည်။ ဤယနေ့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြန်လည်သတိပေးနှိုးဆော်သည့်အချက်မှာ လောကနှင့်သက်ဆိုင်သော တွယ်တာမက်မောမှုများကို လျော့နိုင်သမျှ လျော့အောင်ကြိုးစားကြပြီး၊ ကိုယ်တော်ရှင်၏အလိုတော်ကိုသာ အမြဲတမ်းရှာဖွေ အသက်ရှင်နိုင်ရန် နှင့် ဘုရားကိုပထမနေရာမှာ အမြဲထားတတ်ဖို့ လိုအပ်ကြောင်း ခွန်အားပေးပါသည်