ယနေ့ နှုတ်ကပါတ်တော်၌ သခင်ခရစ်တော်သည် ပုံပမာတစ်ခုဖြင့် ကျွန်ုပ်တို့အား သွန်သင်နေပါသည်။ လူတစ်ဦးသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကို ပြင်ဆင်ပြုလုပ်၍ လူများစွာတို့အား ဖိတ်ခေါ်ခဲ့ပါသည်။ ပွဲကျင်းပမည့်အချိန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းကို ဖိတ်ကြားထားသည့် သူများဆီသို့ သူ၏အစေခံအားစေလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါသည်။ သို့သော်လည်း ဖိတ်ကြားထားသူ အားလုံးတို့သည် စားပွဲသို့ အကြောင်းပြချက်ကိုယ်စီဖြင့် မလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အစေခံသည် သခင်၏အိမ်သို့ ပြန်လာ၍ ဖိတ်ကြားထားသူများ မလာနိုင်သည့် အကြောင်းကို သခင်အား ပြန်လည်လျှောက်တင်သောအခါ သခင်သည် အလွန်စိတ်ဆိုး အမျက်ထွက်ပြီး အစေခံအား မြို့တွင်းရှိ လမ်းမ၊ လမ်းသွယ်များသို့ သွားစေပြီး ဆင်းရဲသောသူ၊ ကိုယ်အင်္ဂါချို့တဲ့သူ၊ မျက်စိမမြင်သူ၊ ခြေမသန်သူများကို သူ၏အိမ်သို့ ခေါ်လာရန် မိန့်ကြားခဲ့သည်။
ဤကျမ်းပိုဒ်ကို ထောက်ရှု့ခြင်းအားဖြင့် ကျွန်ုပ်တို့တစ်တွေသည် သခင်ခရစ်တော်၏ ရိုးရှင်းသည့်ဘ၀၊ စိတ်နေသဘောထား၊ သေးငယ်ပြီး နှိမ့်ကျသောနေရာကို အမြဲရွေးချယ်တတ်သည့် အပြုအမူများကို အတုယူနိုင်ရန်၊ ဘုရားအဖြစ်ကို စွန့်လွတ်၍ လူ့အဖြစ်ယူကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည့်တိုင်အောင် နာခံနှိမ့်ချခဲ့သော ခရစ်တော်၏ ဘ၀အသက်တာကို အငယ်ဆုံးသော ညီအစ်ကိုမောင်နှမများ (ဆင်းရဲသောသူ/ မျက်မမြင်သောသူ....) ကဲ့သို့ ရွေးချယ်တတ်ရန် သွန်သင်ပေးနေပါသည်။
ဤကြီးကျယ်ခမ်းနားလှသော စားသောက်ပွဲသည် ဖိတ်ထားခြင်းခံရသောသူသာလျှင် သခင် ကျွေးမွေးသည့် အစားအစာ၏အရသာကို ခံစားရပါမည်။ ဖိတ်ကြားခြင်းမခံရသူများသည် အစားအစာ၏အရသာကို ခံစားနိုင်မည် မဟုတ်ပေ။
ကျွန်ုပ်တို့အားလုံးသည် သခင်၏စားပွဲတော်သို့ ဖိတ်ခေါ်တော်မူခြင်းကို ရက်ရောစွာ ပြန်လည်တုံ့ပြန်သည့်သူများ ဖြစ်သည်၊ မဖြစ်သည်ကို ပြန်လည်ဆန်းစစ်ကြပါစို့ ။#စစ္စတာရ် ဖလောရီ (SPS)