ခရစ်တော်ဘုရားရှင် တောကန္တာရထဲမှာ ရက်ပေါင်း(၄၀) တရားကျင့်နေတဲ့အချိန်မှာ နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူပါတယ်။ အခြားတဖက်မှာလည်း ကောင်းကင်တမန်တော်များက ကိုယ်တော်ကို ကူညီဆောင်ရွက်ပေးကြတာကိုလည်း သိရှိကြရပါတယ်။ ဒီကနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်က ဖော်ပြနေတဲ့အရာကတော့ ဘဝမှာအကောင်းအဆိုး အမြဲဒွန်တွဲနေတယ် ဆိုတာပါပဲ။ ဘုရားရှင်ကိုယ်တိုင်တောင်မှ နှောင့်ယှက်ခြင်းဆိုတဲ့အရာကို တွေ့ကြုံခဲ့ရပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ နှောင့်ယှက်ခြင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်တွန်းလှန်နိုင်ခဲ့သည့် အတွက်ကြောင့်လည်း ကောင်းကင်တမန်များရဲ့ အစေခံ ကူညီမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ထိုနည်းတူစွာပင် ကျွန်ုပ်တို့ရဲ့ဘဝမှာလည်း အကောင်းအဆိုး အမြဲဒွန်တွဲနေပါတယ်။ အဆိုးဘက်ကိုလိုက်မလား၊ အကောင်းဘက်ကို လိုက်မလားဆိုတာကတော့ မိမိအပေါ်မှာပဲ မူတည်နေပါတယ်။ တခါတလေ ကျွန်ုပ်တို့များများ ဆုတောင်း၊ ခြိုးခြံခြင်းတွေပြုလုပ်ပြီး ဘဝကိုကောင်းကောင်းမွန်မွန် နေမယ်လို့လုပ်ဆောင်လေ ပိုပြီးနှောင့်ယှက်ခြင်းတွေ တွေ့ကြုံရတာ ကြုံဖူးကြပါလိမ့်မယ်။ မည်သို့ပင်ဖြစ်ပါစေ ဆက်လက်ပြီး ကြံ့ကြံ့ခံ၊ ယုံယုံကြည်ကြည်နဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုလျှင် ဘုရားရှင်ရဲ့ ကူညီစောင်မခြင်း ကျေးဇူးတော်ကို ခံစားကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ရဲ့ မလျော့သောဇွဲလုံ့လတွေနဲ့ ဆက်လက်ပြီးဆုတောင်း၊ ခြိုးခြံခြင်းအားဖြင့် ဝိညာဉ်ရေးတိုက်ပွဲမှာ ဆက်လက်ဆင်နွဲ ကြရပါလိမ့်မယ်။ သို့မှသာ ကျွန်ုပ်တို့သည် နတ်ဆိုး၏အနှောင်အဖွဲ့မှ ကင်းလွတ်ပြီး ဘုရားရှင်မြတ်ရဲ့ သားသမီးကောင်းတွေ ဖြစ်လာကြပါလိမ့်မယ်။
#ဒီကင် ဟင်နရီ (MS)