ဒီကနေ့ ဧဝံဂေလိကျမ်းစာလေးကတော့ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန်တွေနေ့စဉ်ရွတ်ဆို ဆုတောင်းကြသည့် ကောင်းကင်ဘုံမေတ္တာလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီမေတ္တာလေးဟာဆိုရင် ဆုတောင်းမေတ္တာတွေအားလုံးရဲ့ အခြေခံအချုပ်ဆိုလည်း မမှားပါဘူး။ အခြားသောမေတ္တာတွေကို ရချင်မှရပေလိမ့်မည်။ ကောင်းကင်ဘုံမေတ္တာကိုတော့ လူတိုင်းရကြပါတယ်။ ကောင်းကင်ဘုံမေတ္တာလေးကို ခြုံငုံကြည့်မယ်ဆိုလျှင် အချက်သုံးချက်ကို တွေ့ရှိရပါတယ်။ (၁)ချီးမွမ်းခြင်း၊ (၂)ကျေးဇူးဆပ်တင်ခြင်းနှင့် (၃)အသနားခံခြင်း အပိုင်းတို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ဒီအချက်သုံးချက်က မပါမဖြစ် လိုအပ်ပါတယ်။ ဘုရားရှင်ရဲ့ ကျေးဇူးဂရုဏာတော်များအတွက် ချီးမွမ်းဖို့ရန် လိုအပ်လှပါတယ်။ ကျွန်ုပ်တို့ခံစားရရှိခဲ့သည့် ကျေးဇူးတော်များ အားလုံးအတွက် ကျေးဇူးဆပ်တင်ကြရပါမယ်။ ဒါ့အပြင် ကျွန်ုပ်တို့၏ အပြစ်များအတွက် သော်လည်းကောင်း၊ လိုအပ်ချက်များအတွက် သော်လည်းကောင်း အသနားခံ တောင်းလျှောက်ကြရပါမယ်။ သို့မှသာ စစ်မှန်ပြည့်စုံတဲ့ ဆုတောင်းခြင်းအမှုကို ပြီးမြောက်စေမှာ ဖြစ်ပါတယ်။
ကောင်းကင်ဘုံမေတ္တာလေးကို ထောက်ရှုစဉ်းစားမယ်ဆိုလျှင် ကျွန်ုပ်တို့အားလုံးဟာ ဘုရားရှင်ရဲ့မိသားစုဝင်တွေဖြစ်ကြောင်း၊ မိသားစုဝင်အချင်းချင်း ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးဖြင့် တစ်ဦးကိုတစ်ဦး ကူညီဖေးမကြရမည်ဖြစ်ကြောင်း၊ တစ်ဦးရဲ့အပြစ်ကို တစ်ဦးကခွင့်လွတ်မှသာ မိမိရဲ့အပြစ်များလည်း ခွင့်လွတ်ခံရမည်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ နေ့စဉ်ကြုံတွေ့နေကြရသည့် ဒုက္ခအခက်ခဲများနှင့် စုံစမ်းနှောင့်ယှက်မှုများအတွက် ဘုရားရှင်ရဲ့ ကူညီစောင်မမှုကို တောင်းခံဖို့ရန် လိုအပ်ကြောင်း စသည့်အချက်များကို တွေ့ရှိရပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်ရဲ့ချစ်သား၊ ချစ်သမီးများ ဖြစ်နိုင်ကြဖို့ရန် ကောင်းကင်ဘုံမေတ္တာလေးကို ထောက်ရှုစဉ်းစားပြီး တရိုတသေဖြင့် ဆုတောင်းကြရမည် ဖြစ်ပါတယ်။
#ဒီကင် ဟင်နရီ (MS)