1.11.2023 – All Saints Day
၂၀၂၃ နိုဝင်ဘာလ ၁ ရက်၊ ရဟန္တာသူတော်သူမြတ်အပေါင်းတို့ပွဲနေ့ကြီး
Matthew 5: 1-12, ရှင်မာတေးဦးကျမ်း ၅း၁-၁၂
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
နိုဝင်ဘာလ(၁)ရက်၊ရဟန္တာအပေါင်းပွဲ၊ကက်သလစ်တို့ယုံကြည်ထားကြတဲ့ယုံကြည်ခြင်းအနှစ်ချုပ်မှာသူတော်သူမြတ်တို့သည်တစ်လုံးတစ်၀တည်းဖြစ်၍ အချင်းချင်အကျိုးကုသိုလ်ခံစားရကြောင်း ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။နိုဝင်ဘာလ(၁) ရက်နေ့မှာ ရဟန္တာအပေါင်းပွဲဆိုပြီး သူတော်သူမြတ်တွေနဲ့ ဆက်နွယ်ပတ်သက်မှုရှိကြောင်းပြောပြတယ်။ အသင်းတော်အတွင်းမှာ တရားဝင် ရဟန္တာတင်မြောက်ခံရတဲ့သူတွေက ရေတွက်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ဘုရားရှင်ရဲ့တရားတော်ကိုလိုက်ကျင့်ပြီး သန့်ရှင်းမြင့်မြတ်တဲ့သူတွေအများကြီးရှိသေးတယ်။ လူအများအသိအမှတ်မပြုဘဲ တိတ်တိတ်လေးနဲ့ ရိုးရိုးကျင့်ပြီးမြင့်မြင့်ကြံ အသက်ရှင်သန်ခဲ့တဲ့ရဟန္တာသူတော်သူမြတ်တွေများစွာရှိနေပါတယ်။ ခရစ်တော်ကိုယုံကြည်ပြီး ခရစ်တော်ရဲ့တရားလမ်းစဉ်အတိုင်း လျှောက်လှမ်းတဲ့သူတွေဟာ ထာဝရအသက်ကို ရရှိပိုင်ဆိုင်ကြတယ်။ ခရစ်တော်ဘုရားရှင် ဟောကြားတဲ့မင်္ဂလာတရားတော်အတိုင်း လိုက်ကျင့်တဲ့သူတွေဟာ မင်္ဂလာရှိတယ်။ အတွင်းစိတ်ဖြင့်ဆင်းရဲတဲ့သူတွေ၊ဝမ်းနည်းငိုကြွေးကြတဲ့သူတွေ၊စိတ်နှလုံးနှုးညံသိမ်မွေ့တဲ့သူတွေ၊ဖြောင့်မတ်ခြင်းတရားကို ငတ်မွတ်ရှာဖွေတဲ့သူတွေ၊သနားကြင်နာတတ်တဲ့သူတွေ၊စိတ်နှလုံးဖြူစင်ရိုးသား တဲ့သူတွေ၊ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့သူတွေ၊ဖြောင့်မတ်ခြင်းတရားအတွက် ညှင်းပမ်း နှိပ်စက်ခြင်းခံရသူတွေဒီလိုလူတွေဟာ မင်္ဂလာရှိကြတယ်လို့ ယေဇူးဘုရားရှင်က မိန့်ကြားခဲ့ပါတယ်။ ဆင်းရဲ၊ဝမ်းနည်း၊ နှိမ့်ချ၊ဖြောင့်မတ်၊ဖြူစင်၊ကြင်နာ တတ်တဲ့သူ၊ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းကြိုးပမ်းတဲ့သူ၊အမှန်တရားအတွက် ညှင်းဆဲခံရတဲ့သူတွေဟာမင်္ဂလာတွေနဲ့ ပြည့်ဝတဲ့သူတွေပါပဲ။ မိမိကိုယ်ကို နှိမ့်ချ ဖြူစင်အောင်ထားတယ်။ ဖြောင့်မတ်မှန်ကန်အောင်နေထိုင်တယ်။ သူတစ်ပါးအပေါ်မှာလည်း ကရုဏာအကြင်နာတရားတွေပြသတယ်။ တစ်ဦးနဲ့တစ်ဦးကြား ငြိမ်းချမ်းရေးကိုတည်ဆောက်ပေးတယ်။ အမှန်တရားအတွက် ရပ်တည်ရဲတဲ့သူတွေဟာ မင်္ဂလာရှိတဲ့သူတွေပါ။ တစ်နည်းအားဖြင့်ပြောရရင်သူတွေဟာသူတော်စင်ရဟန္တာတွေပါပဲ။ ရဟန္တာတွေမှာအလွှာအမျိုးစုံ၊ အသက်အရွယ်ပေါင်းစုံ၊ကျားမမရွေးရှိကြတယ်။သူတော်စင်တွေ၊အိမ်ထောင်သည်တွေ၊ဓမ္မအာဇာနည်တွေ၊အပျိုကညာစင်တွေစတဲ့ အလွှာအမျိုးမျိုးကပေါ်ထွက်လာကြတာကိုကြည့်ရင် ရဟန္တာဆိုတာလူတိုင်းဖြစ်နိုင်တယ်။ ဖြစ်ဖို့အခွင့်အရေးရှိတယ်။ ရဟန္တာတွေကိုအတုယူရင်း သူတို့ရဲ့ ကြားဝင်ဖြန်ဖြတောင်းပေးမှုကိုတောင်းခံရင်းမျှော်လင့်ချက်နဲ့ရှင်သန်မယ်ဆိုရင်ကျွန်တော်တို့အားလုံး ရဟန္တာဘဝကို တက်လှမ်းနိုင်ပါတယ်။