2.11.2023 – All Souls Day
၂၀၂၃ နိုဝင်ဘာလ (၂) ရက်၊ ကွယ်လွန်သူအပေါင်းတို့၏ ဝိညာဥ်များအတွက် အောက်မေ့သတိရခြင်း ပွဲနေ့ကြီး
John 6: 37-40, ရှင်ယောဟန် ၆း၃၇-၄၀
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကက်သလစ်တွေဟာလောကကမ္ဘာမှာ ခရီးပြုရှင်သန်ရင်း ကောင်းကင်နိုင်ငံတော်မှာ ရောက်ရှိနေတဲ့အောင်ပွဲခံ သန့်ရှင်းမြင့်မြတ်သူတွေဆီမှာ အားကိုးဆုတောင်းကြသလို ဒဏ်ဆပ်ဖြေနေကြတဲ့ ငရဲငယ်မှညီအစ်ကိုမောင်နှမများအတွက်လည်း အောက်မေ့ဆုတောင်းပေးလေ့ရှိကြပါတယ်။ကောင်းကင်နိုင်ငံတော်မှာ ဘုရားရှင်ရဲ့ရွှေမျက်နှာတော်ကိုဖူးမြော်ခစားဝင်ခွင့်ရနေကြတဲ့ ရဟန္တာ သူတော်သူမြတ်တွေရယ်၊ ငရဲငယ်မှာအပြစ်ဒဏ်ဆပ်ဖြေနေတဲ့ ကွယ်လွန်သူများရယ်၊ လောကကမ္ဘာထဲမှာ ဆက်လက်ခရီးပြုရှင်သန်နေဆဲလူသားတွေရယ်ဆိုပြီးဘုံ ၃ ဘုံက လူတွေဟာ မိသားစုတစ်ခုလို တစ်လုံးတစ်ဝတည်းစုစည်းလျှက် ရှိတယ်ဆိုတာ ကက်သလစ်တွေရဲ့ယုံကြည်ရာယုံကြည်ချက်တစ်ခုပါ။နှစ်စဉ်နိုဝင်ဘာလ (၁)ရက်နေ့မှာ ရဟန္တာအပေါင်းပွဲကို ကျင်းပပြီး နိုဝင်ဘာလ(၂)ရက်နေ့မှာတော့ သေလွန်ကုန်သော ဝိညာဉ်တွေအတွက်ထူးထူးခြားခြား သတိရဆုတောင်းပေးကြတယ်။“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”လို့ ဆိုရိုးရှိတဲ့အတိုင်း ကွယ်လွန်သူတွေကို သင်္ချိုင်းသို့ပို့ဆောင်ခြင်း၊ အောက်မေ့သတိရဆုတောင်းပေးခြင်း အမှုတွေဟာ ပရဟိတလုပ်ငန်းဆိုင်းရာကရုဏာလုပ်ငန်း တစ်ခုလည်း ဖြစ်တာမို့ အင်မတန်မွန်မြတ်တဲ့ သူတောင်းကောင်းတရားတစ်ခုပဲဖြစ်ပါတယ်။“သေသောသူ ကြာရင်မေ့” ဆိုတာ တကယ်တော့မဟုတ်ပါဘူး။သေသောသူ ဘယ်တော့မှ မမေ့ပါဘူး။“သေသောသူဘယ်မမေ့” နိုင်တာကြောင့် သင်္ချိုင်းကိုသွားတယ်။ပန်းစည်းလေးချပြီးဆုတောင်းပေးကြတယ်။မြှုပ်နှံထားရာ သင်္ချိုင်းကိုသွားရောက်လည်ပတ်ပြီး အောက်မေ့ဆုတောင်းပေးနေတယ်ဆိုကတည်းကရှင်သူနဲ့ သေသူကြားမှာဖြတ်တောက်မရတဲ့အနှောင်အဖွဲ့တစ်ခုရှိနေဆိုတာအခိုင်အမာပါပဲ။ကွယ်လွန်သူတွေရဲ့အုတ်ဂူတွေအပေါ် ပရိတ်တော်ရေဖျန်းပတ်ကာ ဖယောင်းတိုင်မီးလေးတွေထွန်းညှိပြီး ဆုတောင်းပေးတဲ့ပွဲကို ကက်သလစ်တွေကသင်္ချိုင်းမီးထွန်းပွဲတော်လို့လည်းခေါ်ကြတယ်။လောကမှာနေထိုင်စဉ်ပြုလုပ်ခဲ့တဲ့အပြစ်ဒဏ်တွေအတွက်ဆပ်ဖြေပူဇော်နေကြရတဲ့ငရဲငယ်ကဝိညာဉ်တွေအတွက် ကောင်းကင်သုခချမ်းသာကို ရောက်ရှိဖို့ အတူတကွ ဆုတောင်းပေးကြတယ်။ငရဲငယ်ဆိုတာ ကောင်းကင်သုခ ချမ်းသာကို ရောက်ရှိဖို့ အပြစ်ဒဏ်တွေဆပ်ဖြေကာ ဝိညာဉ်ကို သန့်စင်ပေးတဲ့ နေရာလေးတစ်ခုပါပဲ။သေလွန်ပြီးနောက် ဒဏ်ဆပ်ဖြေရတဲ့ငရဲငယ်ရှိတယ်ဆိုတာကိုလည်း ကက်သလစ်တွေကယုံကြည်ကြတယ်။ဘာလို့လဲဆိုတော့သေခြင်းရဲ့အလွန်မှာရှိတဲ့ဘုရားရှင်ရဲ့ အနှိုင်းအဆမဲ့ ကရုဏာမေတ္တာတော်ကို ပိုပြီးယုံကြည်မျှော်လင့်တဲ့အတွက်ကြောင့်ပါ။တကယ်တော့ငရဲငယ်ဆိုတာကောင်းကင်သုခချမ်းသာကို စံစားရရှိဖို့အပြစ်ဒဏ်ဆပ်ဖြေရတဲ့ ခဏတာအချိန်ပိုင်းလေးတစ်ခုပါပဲ။ ငရဲငယ်မှာဒဏ်ဆပ်ဖြေနေကြတဲ့ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှတွေကို ကူညီပေးဖို့ နည်းလမ်းများစွာရှိပါတယ်။ ပထမအချက်က သူတို့ကိုယ်စားဆုတောင်းပေးလို့ရပါတယ်။ကွယ်လွန်သူမိဘ၊ ညီအစ်ကိုမောင်နှသားချင်းနဲ့ ခင်ရာမင်ရာမိတ်ဆွေအပေါင်းအသင်းတွေအတွက် ဘုရားရှင်ဆီမှာ ဆုတောင်းပေးတိုင်း သူတို့ရဲ့ကိုယ်စား နေရာယူပြီး ဆုတောင်းပေးတာနဲ့ အတူတူပါပဲ။ဒုတိယတစ်ချက်အနေနဲ့လုပ်နိုင်တာတစ်ခုကကွယ်လွန်သူတွေမလုပ်နိုင်တော့တဲ့အလှူဒါနကောင်းမှုတွေကိုရည်စူးပြုလုပ်ပေးခြင်းဖြင့် ကောင်းကင်သုခချမ်းသာကိုအမြန်ဆုံးရောက်ရှိနိုင်ဖို့ အားဖြည့်ကူပေး နိုင်ကြပါတယ်။သူတို့ကိုယ်စားဆင်းရဲသားတွေ အကူညီလိုအပ်နေသူတွေကို အလှူဒါနမျှဝေပေးတဲ့အခါမှာဘုရားရှင်နဲ့ မိမိနဲ့ နီးစပ်သူတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာသဒ္ဓါတရားကို တိုးပွားစေပါတယ်။“ချစ်ခြင်းမေတ္တာသည်များစွာသော အပြစ်တို့ကိုဖုံလွှမ်းစေနိုင်၏”(ရှင်ပေတရု ပထမစာစောင်၄း၈)လို့ ကျမ်းစာကဆို ထားပါတယ်။အချစ်ကြောင့်အပြစ်တို့လွှင့်စင်သွားစေပါတယ်။ ဒါကြောင့် ကွယ်လွန်သူတွေအပေါ် ချစ်ခြင်းမေတ္တာထားရှိပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကွယ်လွန်သူတွေအတွက်ကူညီပေးနိုင်တာတစ်ခုက မစ္ဆားတရားတောင်းခံပေးခြင်းပါပဲ။အဖိုးဖြတ်မရတဲ့ကျေးဇူးတော်အပေါင်းစီးဆင်းရာကိုယ်တော်မြတ်မင်္ဂလာတော်ကိုဖန်ဆင်းပူဇော်တဲ့ မစ္ဆားတရားတော်မြတ်အတွင်းမှာ ကွယ်လွန်သူဝိညာဉ်တွေအတွက်အောက်မေ့သတိရပူဇော်ပေးနိုင်ပါတယ်။ ရဟန်းဘုန်းတော်ကြီးက ကွယ်လွန်သူတွေရဲ့နာမည်တွေကို ရွတ်ဖတ်ပြီး မစ္ဆားတရားတော်မြတ်မှာ ပါဝင်နေတဲ့ သူတွေကလည်း အောက်မေ့ဆုတောင်းပေးကြတယ်။ ဒီပူဇော်ခြင်းမှာကျနော်တို့ရဲ့အဆွေတော်ကွယ်လွန်သူတွေရဲ့ဝိညာဉ်တွေကို ဘုရားရှင်ရဲ့လက်ထဲကိုအပ်နှံပေးလိုက်ပါတယ်။ အရှင်ဘုရားနဲ့အတူကောင်းကင်သုခစားပွဲတော်မှာ ဝင်ရောက်ခွင့်ပြုပါဆိုပြီး အပ်နှံဆုတောင်းပေးလိုက်တာမို့ ဝိညာဉ်များစွာဟာ ငရဲ ငယ်မှ လွတ်မြောက်ကာဘုရားရှင်ရဲ့ အိမ်တော်မှာ ခိုလှုံခွင့်ရရှိသွားကြပါတယ်။
သေလွန်သောသူတို့၏အသက်ဝိညာဉ်များတို့သည် ဘုရားရှင်၏ အသနားတော်မြတ်ကိုခံကြရ၍ငြိမ်သက်ချမ်းသာစွာ ရှိစေသောဝ်။ အာမင်။