Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-03 20:28:54

4.11.2023 – 30th Week of Ordinary Time, Saturday 
၂၀၂၃ နိုဝင်ဘာလ  ရက်၊ ၃၀ ကြိမ်မြောက် သာမန်ကာလ စနေနေ့
Luke 14:1,7-11 , ရှင်လုကာ ၁၄း၁,၇-၁၁
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 ဒီကနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာထဲမှာ သခင်ခရစ်တော်ကဖာရီဇေဦးတစ်ယောက်ရဲ့အိမ်မှာညစာဖိတ်ကြားခြင်းခံရတယ်။ကြွလာတဲ့ဧည့်သည်တွေကလည်း သူထက်ငှာအပြိုင်အဆိုင်နေရာကောင်းတွေရွေးထိုင်ကြတယ်။ဧည့်သည်တွေကိုရော၊ဒီကနေ့ ဒီတရားကိုကြားနာနေကြတဲ့ကျွနိုပ်တို့ကိုရော ခရစ်တော်ပေးနေတဲ့တရားအဆုံးအမလေးက ဖိတ်ကြားခြင်းခံရတဲ့အခါမှာအနိမ့်ဆုံးနေရာကိုရွေးပြီးထိုင်ဖို့မိန့်ပါတယ်။တနည်းအားဖြင့်ပြောရရင်မိမိကိုယ်ကိုနှိမ့်ချခြင်းရှိဖို့ပါပဲ။ကိုယ့်ကိုကိုချီးမြောက်တဲ့သူဟာနှိမ့်ချခြင်းခံရမယ်။မိမိကိုယ်ကိုနှိမ့်ချတဲ့သူဟာချီးမြင့်ခြင်းကိုခံရမယ်။ယေဇူးဘုရားရှင်ရဲ့ဘဝအသက်တာကိုကြည့်ရအောင်။သူဟာဘုရားအဖြစ်တော်နှင့်လူ့အဖြစ်တော်၂မျိုးပေါင်းစပ်ထားတာမို့လူရှေ့ဘုရားရှေ့မှာဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာကို ပြသပေးပါတယ်။ ရဟန္တာသြဂုတ်စတင်းကမိန့်ခဲ့ဖူးတယ်။ခရစ်တော်ရဲ့ဘဝတစ်ခုလုံးဟာလူ့အဖြစ်ကိုယူတော်မူခြင်းအားဖြင့်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုပြုမူရမလဲဆိုတာကို ပညာပေးဆုံးမနေပါတယ်လို့ ဆိုခဲ့ပါတယ်။ခွန်အားနဲ့ပြည့်စုံတဲ့ဘုရားရှင်ကလူသားတွေအတွက်ခွန်အားမဲ့တဲ့ဘဝကိုယူခဲ့တယ်။ အစဉ်တည်မြဲတော်မူတဲ့ ဘုရားက လူ့အတွက်နဲ့ အနတ္တ သင်္ခါရအဖြစ်ကို ခံယူခဲ့တယ်။အရာအားလုံးရှိလျှက်နဲ့ ဘာမှမရှိတဲ့ လူ့ဘဝကိုခံယူခဲ့တာဟာ ဘုရားရှင်ရဲ့နှိမ့်ချတော်မူတဲ့ စိတ်ရင်းသဘောကိုဖော်ပြပေးနေပါတယ်။ အမှန်တော့နှိမ့်ချခြင်းကမြင့်မြတ်ခြင်းရဲ့အစပါပဲ။နှိမ့်ချခြင်းရဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့မာနဟာနတ်ဆိုးရဲ့ လက်စွဲတော်ဖြစ်ပါတယ်။ကိုယ့်ရဲ့အမှားကိုဖုံးပြီး သူများရဲ့အပြစ်ကို မဟားတရားလက်ညိုးထိုးတဲ့နေရာမှာ သာယာတတ်တဲ့ဒီမာနတရားရဲ့အောက်မှာနှိမ့်ချခြင်းဆိုတာ တိုးဝင်ပျောက်ကွယ်သွားတတ်ပါတယ်။မာနကြီးလွန်းတဲ့သူတွေကမိမိကိုယ်ကိုဂုဏ်ဖော်မြောက်စားတယ်။သူပဲအကောင်း၊သူပဲအမှန်။သူများအမှားကိုလက်ညိုးထိုးတယ်။သူများအပြစ်ကို အရသာခံပြီး ပြောတတ်တယ်။ရှိသင့်တဲ့မာနထက်ကျော်လွန်ပြီးထားရှိတဲ့တလွဲမာနကတော့နှိမ့်ချခြင်းနဲ့ အလဲထိုးနေရဦးမှာပဲ။ကျွန်တော့်အတွက်တော့နှိမ့်ချခြင်းပါရမီဟာကိုယ့်ကိုကိုယ်ချောင်ထိုးပြီးငါဟာအရေးမပါတဲ့လူပါလို့ ကြွေးကြော်တာမျိုးမဟုတ်ဘူး။ကိုယ်ပိုင်အရည်ချင်းအစွမ်းအစတွေကိုတန်ဖိုးမရှိပါဘူးဆိုပြီးအသုံးမချဘဲယုံကြည်မှုတွေပျောက်ဆုံးနေတာမျိုးလည်းမဟုတ်ဘူး။နှိမ့်ချခြင်းဟာမိမိရဲ့ အကောင်းတွေကိုအသိမှတ်ပြုပြီးအဲ့ဒီအကောင်းတန်ဖိုးတွေကိုပေးသနားတဲ့ဘုရားရှင်ကိုနေရာပေးကာအကျိုးရှိရှိအသုံးချနေထိုင်ခြင်းပါလို့ခံယူတယ်။စစ်မှန်တဲ့နှိမ့်ချခြင်းဆိုတာရှိတဲ့ပါရမီတွေကို မြင်အောင်မပြဘဲကရုဏာမေတ္တာပြဖို့လိုအပ်လာပြီဆိုမှတိတ်တဆိတ်လေး အသုံးပြုလိုက်ကြတာမျိုးလို့ နားလည်ပါတယ်။ထင်သာမြင်သာမရှိဘဲ၊ဘဝင်မာနတွေမကပ်ဘဲအများအတွက်၊ ဘုရားအတွက်အသုံးခံပေးဆပ်လိုက်တဲ့သူတွေဟာနှိမ့်ချခြင်းရှိတဲ့ကြီးမြတ်သူတွေပါလို့ အရိုးစင်းဆုံးယုံကြည်မိပါတယ်။ဓမ္မမိတ်ဆွေအပေါင်းတို့၊နှိမ့်ချခြင်းပါရမီကိုကျင့်ပြီး ရိုးရိုးကျင့်၊မြင့်မြင့်ကြံနိုင်ကြတဲ့မြင့်မြတ်တဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Daily Reflection