5.11.2023 – 31st Sunday in Ordinary Time; St. Bertilla
၅.၁၁.၂၀၂၃ - ၃၁ ကြိမ်မြောက် သာမန်ကာလ တနင်္ဂနွေနေ့
Matthew 23:1-12
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကက်သလစ်ဘာသာဝင်တွေကပုပ်ရဟန်းမင်းကြီးကို ပါးပါးလို့ လေးစားမြတ်နိုးစွာခေါ်တယ်။ဘုန်းတော်ကြီးတွေကိုလည်း ဖာသာရ်လို့ တလေးတစားခေါ်ဝေါ်သုံးနှုံးကြတဲ့အပေါ် ပရိုတက်စတန် သင်းကွဲခရစ်ယာန်တချို့ကလက်မခံနိုင်ဖြစ်ကြတယ်။ ဒီလိုခေါ်ဝေါ်ခြင်းဟာကျမ်းစာထဲကခရစ်တော်ရဲ့သွန်သင်ချက်နဲ့ ဆန့်ကျင်တယ်လို့ဝေဖန်ကြတယ်။ဘယ်သူကိုမှအဖလို့ မခေါ်ကြနဲ့သင်တို့အတွက်ကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်သာ တစ်ဦးတည်းသော ဖခင်ဖြစ်တယ် ဆိုတဲ့ ကျမ်းစကားကိုစွဲကိုင်ပြီး ထောက်ပြလေ့ရှိတယ်။ စကားလုံးအတိုင်းသာ ကျွနိုတို့ လိုက်ကြေးဆိုရင် မည်သူကိုမျှအဖေမခေါနဲ့လို့ ပြောတဲ့အတွက်ကိုယ့်ရဲ့ ဖခင်အရင်းကိုတောင်ဖေဖေမခေါ်ဘဲနာမည်ပဲခေါ်ရမယ့်ကိန်းဆိုက်ပြီ။ ကိုယ့်အဖေကိုဖေဖေမခေါ်ဘဲနာမည်ခေါ်ရင်ဘယ်လောက်တောင် မလေးမစားပြုရာကျနေမလဲ။ ကျွန်တော့်ရဲ့ အဖေနာမည်က ဦးချစ်ထွန်း။ အဖေကိုအဖေလို့ မခေါ်ဘဲ ချစ်ထွန်းရေ ခေါ်ရအောင် လူဟာ အဲ့ဒီလောက် ဂါရဝတရားနိမ့်ကျတဲ့ သတ္တဝါ မဟုတ်ပါဘူး။ ဦးနေရာဦး၊ ဒေါ်နေရာ ဒေါ် ရိုသေမှု၊ ချစ်ခင်မှုနဲ့ ခေါ်ဝေါ်နေကြရတာတွေ အများကြီးပါ။ ဒီလိုပါပဲ။ ရဟန်းဘုန်းတော်ကြီးတွေကိုဖာသာရ်ခေါ်တာဝိညာဉ်ရေးပိုင်းမှာ ဖခင်နေရာယူပြီး ဘုရားရဲ့ကိုယ်စားဦးဆောင်လမ်းပြတယ်။ တရားလမ်းကို ပို့ဆောင်တဲ့အတွက် ဝိညာဉ်ရေးရာ ဖခင်တွေအဖြစ် တရိုတသေခေါ်တာ လွန်တယ်လို့တော့ မထင်မိပါဘူး။ခရစ်တော်သွန်သင်ပေးတဲ့ အဓိက အချက်က နာမည်တွေ၊ ရာထူးတွေ၊ အာဏာတွေ၊ လောကီဂုဏ်နာမတွေကို မက်မောတွယ်တာခြင်းမရှိဘဲ ဘုရားရဲ့ ဘုန်းဂုဏ်တော်ကိုအာရုံပြုပြီး အများကောင်းကျိုးအတွက် အစေခံဖို့ မီးမောင်းထိုးပြခြင်းဖြစ်ပါတယ်။ ပထမကျမ်းစာမှာ ပရောဖက် မာလခိက ရဟန်းတွေကို သတိပေးထားတာလေးရှိပါတယ်။ ရဟန်းတွေက ဘုရားရဲ့ စကားကို နားမထောင်ဘဲ ကိုယ့်နာမည်ကိုသာ ထင်ပေါ်အောင်လုပ်နေမယ်ဆိုရင် ကောင်းချီးရမှာမဟုတ်ဘဲအမင်္ဂလာဖြစ်စေမယ်လို့ မိန့်ထားတယ်။ ဓမ္မဟောင်းမှာရဟန်းတွေက ဘုရားလူမျိုးတော်တွေကိုသွန်သင်တဲ့အခါလမ်းလွဲသွားတာတွေရှိတယ်။ ဘုရားထက်မိမိကိုယ်ကိုဦးစားပေးတယ်။နေရာယူတယ်။အာဏာကို အလွဲသုံးစားလုပ်တယ်။ရာထူးတွေကိုမက်မောလာတယ်။ဒါကြောင့်မို့ထာဝရဘုရားကတို့အားလုံးရဲ့ဖခင်ဖြစ်တယ်။ဒီဘုရားကပဲ လူတွေ ကို ဖန်ဆင်းထားတာဖြစ်တယ်။ဘုရားကို အယုံကြည်ပျက်စေမယ့် တရားတွေကို မပြဘဲ ဖခင်ဖြစ်တဲ့ ထာဝရဘုရားရဲ့ ဘုန်း ဂုဏ်တော်ကို သာ၍ တိုးပွားစေဖို့ လုပ်ဆောင်ရမယ့်အကြောင်း သတိပေးထားပါတယ်။ဟုတ်ပါတယ်။ခရစ်တော်ကလည်း ဒီတူညီတဲ့သွန်သင်ချက်ကိုပဲ ဆက်ပြီး မိန့်မှာပါတယ်။ ရဟန်းအကြီးအကဲတွေက ဘုရားရှင်ထက် မိမိကိုယ်ကို နေရာပေးတယ်။ လူအထင်ကြီးတာခံချင်တယ်။ ပွဲအခမ်းအနားတွေမှာလည်း ရှေ့ဆုံးကနေရာယူပြီးထင်ပေါ်လိုတယ်။အာဏာနဲ့ ခြောက်စားပြီး မေတ္တာနဲ့ မထောက်ထားတဲ့ သူတွေကို ခရစ်တော်က မင်းတို့ဟာ တကယ့်ဖခင်အစစ်အမှန်တွေမဟုတ်ဘူး။ကောင်းကင်မှာရှိတဲ့ အဖခမည်းတော်ကိုသာနေရာပေးရမယ်။ရဟန်းဆိုတာပလ္လင်မှာ ထိုင်ပြီးဘဝင်တွေကိုင်ဖို့ထက်အဝေးတစ်ဖက်ကနေပေးဆပ်နေတတ်တဲ့သူတွေဖြစ်ရပါမယ်။ဒီလို အာဏာကိုရူးသွပ်တဲ့ရဟန်းတွေ၊အစေခံဖို့ထက်ခိုင်းစေတတ်တဲ့ ရဟန်းတွေလည်း အများကြီးရှိနေပါသေးတယ်။ ရဟန်းတွေတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ဘာသာတူတွေထဲမှာလည်း ရှိပါတယ်။ နေရာရရင်မခွာချင်တော့ဘဲယစ်မူးတဲ့သူတွေ၊မိဘတွေလည်းသားသမီးတွေကိုငါမိဘပဲအမှန်ဆိုပြီး အာဏာကိုအလွဲသုံးစားပြုတာတွေလည်း မမြင်ချင်မှအဆုံးပါ။ဒီနေ့ တရားကျမ်းကရှင်းရှင်းလေးပါ။ရဟန်းတွေတင်မကဘဲအားလုံးအတွက်အကျုံးဝင်ပါတယ်။နေရာတစ်ခုကိုရတဲ့အခါဒီနေရာကနေတဆင့်ဘုရားကိုငါဘယ်လောက်အထိအစေခံနိုင်မလဲဆိုတာပြန်စဉ်းစားပါ။ ကိုယ့်ဘုန်းဂုဏ်တော်ထက် ဘုရားဘုန်းဂုဏ်တော်ကို ငါရထားတဲ့ နေရာကနေ ဘယ်လို တိုးပွားအောင် သက်သေခံနိုင်မလဲ။ နေရာကို မကြည့်ဘဲ တာဝန်ကိုကြည့်ပြီး အစေခံတတ်ဖို့ကို ခရစ်တော်ဘုရားက ဒီယနေ့ သွန်သင်ဆုံးမနေပါတယ်။အစေခံတို့ရဲ့အစေခံအဖြစ်နဲ့ဘဝကိုနေထိုင်ရှင်သန်ခဲ့တဲ့ခရစ်တော်ကိုအတုယူပြီးဘုရားဘုန်းဂုဏ်တော်သာ၍တိုးအောင်အစေခံနိုင်ကြသူများဖြစ်ကြပါစေ။