7.11.2023 – 31th Week of Ordinary Time, Tuesday
၂၀၂၃ နိုဝင်ဘာလ (၇) ရက်၊ ၃၁ ကြိမ်မြောက် သာမန်ကာလ အင်္ဂါနေ့
Luke 14:15-24, ရှင်လုကာ ၁၄း၁၅-၂၄
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဘုရားသခင်ဟာ အင်မတန်ရက်ရောပြီးကောင်းမြတ်တဲ့သူဖြစ်ပါတယ်။ရက်ရောလွန်းလို့ ပွဲတော်ကြီးကိုပြင်ဆင်ပြီးပါဝင်ကြဖို့ လူအားလုံးကိုဖိတ်ကြားတယ်။ဖိတ်ကြားတယ်ဆိုတာတကယ်တော့ ခင်မင်ရင်းနှီးမှုကိုပြပါတယ်။မခင်ရင်တော်ရုံတန်ရုံဖိတ်လေ့မရှိဘူး။လူရင်းတွေ၊မိတ်ဆွေတွေကိုသာဖိတ်လေ့ရှိတယ်။ဖိတ်ကြားခြင်းခံရတဲ့အခါအသိအမှတ်ပြု ပြီးသွားပေးရတာ၊ပွဲတက်ပေးရတာတွေဟာလူမှုရေးတစ်ခုလိုပါပဲ။တချို့တွေကလူမှုရေးခေါင်းပါးတယ်။ ဖိတ်ကြားမှုကိုဂရုမစိုက်ဘူး။ အရေးမလုပ်ဘူး။အကြောင်းအမျိုးမျိုးပြတယ်။ပွဲတစ်ပွဲလုပ်ရင် ပြင်ဆင်ရတဲ့သူကအရမ်းပင်ပန်းတယ်။ အစစအရာသေချာပြင်ဆင်ရတယ်။ကျွေးမွေးရေးတွေလုပ်ရတယ်။ ဒီလောက်စေတနာထားပြီးပြင်ဆင်ထားပြီးကာမှခင်မင်မှုကိုတန်ဖိုးမထားငြင်းပယ်ခံရတယ်ဆိုရင်အောင့်သက်သက်နဲ့ နာကျင်ရပါတယ်။ဒီနေ့ကျမ်းစာထဲမှာ ပွဲတစ်ခုကို ကျကျနနပြင်ဆင်ထားပြီးမှ ဖိတ်ကြားခံရတဲ့သူတွေက အကြောင်းအမျိုးမျိုးပြပြီး ပွဲမလာနိုင် တဲ့အကြောင်း ငြင်းဆန်ကြတယ်။ တစ်ယောက်က မြေဝယ်ထားလို့သွားကြည့်ရဦးမယ်တဲ့။ ပိုင်ဆိုင်မှုတွေများလာတဲ့အခါကိုယ့်စီးပွားပဲကိုယ်ကြည့်တယ်။ ကြွယ်ဝမှုကိုတပ်မက်ပြီး မေတ္တာတရားခေါင်းပါးတဲ့သူမျိုး။ဒုတိယတစ်ယောက်က နွားငါးရှဉ်းဝယ်ထားပြီး သူတို့ကိုအလုပ်ခိုင်းရဦးမယ်။ မလာနိုင်ဘူးတဲ့။ ငြင်းပြန်ရော။ အစေခံခြင်းထက်ခိုင်းစေတတ်တဲ့သဘောတွေများလာရင်အတ္တတွေကကြီးထွားလာတတ်တယ်။ တတိယတစ်ယောက်ကတော့ လက်ထပ်ပြီးခါစမို့ မခွဲနိုင်မခွာနိုင်နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်နေရလို့မအားဘူးတဲ့လေ။ ဘယ်လောက်တောင်တရားကျစရာကောင်းလဲ။ပေးလိုက်တဲ့အကြောင်းပြချက်လေးတွေကို ကြည့်ပြီးသူတော်စင်ဘဝမှာသစ္စာပြုထားတဲ့သစ္စာတရားသုံးပါးနဲ့ချိန်ထိုးပြီးစဉ်းစားမိတယ်။ပထမတစ်ယောက်ပေးတဲ့အချက်ကပိုင်ဆိုင်မှု၊တက်မက်မှုတွေကိုခဝါချပြီးသူတော်စင်တွေကဆင်းရဲခြင်းနဲ့ နေထိုင်တယ်။ဒုတိယတစ်ယောက်ပေးတဲ့အကြောင်းပြချက်ကခိုင်းစေဖို့အတွက်။သူတော်စင်တွေကတော့နာခံခြင်းနဲ့ ဘဝကိုပေးဆပ်ရှင်သန်ကြတယ်။တတိယတစ်ယောက်ကအိမ်ထောင်ပြုပြီး တွယ်ငြိမှုတွေရှိနေပေမဲ့သူတော်စင်တွေကတော့ ဖြူစင်ခြင်းနဲ့ဘဝကိုလွတ်လပ်ရက်ရောစွာနေထိုင်ပြီး အများအတွက်ပေးဆပ်ကြတယ်။ဒီသဘောတရားကို ဘာသာတူတွေအနေနဲ့ စဉ်းစားကြည့်ရင် ကျွန်တော်တို့မှာကပ်ငြိနေတဲ့အရာကအဓိက ၃ ချက်ကိုတွေ့ရတယ်။ ပိုင်ဆိုင်ခြင်း၊ခိုင်းစေတတ်ခြင်း၊အိမ်ထောင်အနှောင်အဖွဲ့ ဒီသုံးချက်ရဲ့ဆန့်ကျင်ဖက်ပါရမီတွေက ဆင်းရဲခြင်း၊ နာခံခြင်းနဲ့ ဖြူစင်ခြင်း။ သူတော်စင်တွေပဲကျင့်ကြံလို့ရတာမဟုတ်ပါဘူး။ လူတိုင်းကျင့်ရမယ့်ပါရမီတွေဖြစ်ပါတယ်။ မိသားစုထဲမှာလည်းဆင်းရဲခြင်းနဲ့ဘဝကိုရောင့်ရဲစွာနေရတယ်။အပြန်အလှန်နာခံခြင်းနဲ့ ဘဝကို တည်ဆောက်ကြရတယ်။ တစ်ဦးအပေါ်တစ်ဦး သစ္စာစောင့်သိပြီး မေတ္တာကို မှန်ကန်စွာ ပြသနေရတာတွေဟာ အိမ်ထောင်သည်ဘဝမှာလည်း လိုအပ်ပါတယ်။ ဘုရားသခင်ရဲ့ ဖိတ်ကြားခြင်းကို လက်မခံဘဲငြင်းဆန်ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကဘာတွေများဖြစ်နေလဲ။တရားထောက်ရှုသုံးသပ်မြင်နိုင်ပါစေ။