8.11.2023 – 31th Week of Ordinary Time, Wednesday
၂၀၂၃ နိုဝင်ဘာလ (၈ ) ရက်၊ ၃၁ ကြိမ်မြောက် သာမန်ကာလ ဗုဒ္ဓဟူးနေ့
Luke 14:25-33, ရှင်လုကာ ၁၄း၂၅-၃၃
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ပဓါနနှင့် သာမည
ဘုရားရဲ့နောက်လိုက်တပည့်သာဝကဖြစ်ရတာစိန်ခေါ်မှုအပြည့်နဲ့ ခရောင်းလမ်းလို့ စာရေးသူဆိုချင်ပါတယ်။ သူများတွေထင်နေတဲ့အမြင်ကတစ်မျိုး၊ ကိုယ်တိုင်ကြုံပြီးလိုက်ကြည့်တော့မှသိရတဲ့ ခံစားချက်ကတစ်မျိုး။ ဘယ်သူတွေက ဘယ်လို ထင်တယ်ဆိုတာတော့ ဋီကာတွေချဲ့ပြီး မပြောလိုတော့ပါဘူး။ ဘယ်လိုပဲထင်ထင် အရေးမကြီးတော့ဘူး။ သေချာတာတစ်ခု က သူများထင်သလို မလွယ်တာပဲ။ လွယ်လွယ်လိုက်ပြီး ခုတုံးလုပ်စီးမျောနေတဲ့သူတွေလည်း ရှိမှာပါလေ။ဒီလိုမလွယ်တဲ့သူ့နောက်လိုက်ရတဲ့ဘဝကိုခရစ်တော်က ပုံဥပမာ(၂) ခုပေးပြီး ရှင်းပြထားပါတယ်။ မျှော်စင်ဆောက် တဲ့သူကကြိုတင်မတွက်ချက်ဘဲ အလုပ်ကို တစ်ဝက်တစ်ပျက်နဲ့ အဆုံးမသတ်နိုင်ရင်သူများကဲ့ရဲ့ စရာဖြစ်နိုင်တယ်ဆိုတဲ့ပုံဥပမာနဲ့ စစ်တိုက်ထွက်တဲ့ရှင်ဘုရင်ကစစ်ရေးမစခင် ဗျူဟာခင်းပြီး စီမံတွက်ချက်ဖို့လိုအပ်တယ်ဆိုတဲ့ ပုံဥပမာကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ရှင်းပြတယ်။ ဆိုလိုတာက ပဓါနနှင့်သာမညကို သိရမယ်။ တန်ဖိုးမဲ့တဲ့အရာတွေအတွက် တန်ဖိုးကြီးတာတွေနဲ့ ချရင်းလို့မဖြစ်ဘူး။ ဘယ်ဟာကပိုတန်ဖိုးကြီးလဲ။ ခွဲခြားသိမြင်ဖို့တော့လိုလာတယ်။ ဘဝကို ဘာရည်ရွယ်ချက်မှမရှိဘဲလျှောက်လိုက်နေလို့မရဘူး။ ဘာကြောင့်လိုက်နေရလဲ။ ဘယ်အရာက တွန်းအားပေးလဲ။ ကိုယ်က ဘာတန်ဖိုးကို မြင်လို့ လိုက်နေတာလဲ။ ဒီလိုလိုက်ရခြင်းအားဖြင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ စသဖြင့် စဉ်းစားတွက်ချက်ရမှာတွေက အများကြီး။ကျမ်းစာထဲ လူအုပ်ကြီးကကိုယ်တော်သွားလေရာနောက် တကောက်ကောက်လိုက်နေကြတယ်။ သခင်ယေဇူးက ဘုရားရဲ့သားတော် ဆိုတာကိုသိလို့ လိုက်လျှောက်နေကြတာတော့မဟုတ်ပါဘူး။ ကိုယ်တော်ပြုလုပ်တဲ့တန်ခိုးလက္ခဏာ တွေ၊ ကုသခြင်းတွေ၊ အံ့ဖွယ်အမူတွေက သူတို့ကို ကိုယ်တော့်နောက်လိုက်လျှောက်စေမယ့် တွန်းအားတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဘုရားရဲ့ နောက်ကိုလိုက်တဲ့အခါမှာ ဘယ်ဟာ တွေက ထားခဲ့ရမလဲ၊ ဘယ်အရာတွေကိုတော့ ယူဆောင်ထားသင့်လဲဆိုတာကိုတော့သိဖို့ လိုအပ်လာပါတယ်။ ခြေဦးတည့်ရာ လျှောက်လိုက်ပြီး ဘဝကို အသက်ရှင် နေရင်တော့ ဘယ် တန်ဖိုးသတ် မှတ်လို့ရမလဲ။ ထိချင်ရာထိပစ်လိုက်တဲ့ခဲတစ်လုံးဟာမှန်ခဲ့ရင်တောင်မတော်တဆဆိုတဲ့ရလဒ်ပဲရမယ်။ တန်ဖိုးတော့သတ်မှတ်ရခက်ပါတယ်။ဒီအတွက်ကြောင့် ခရစ်တော်ကငါ့တပည့်ဖြစ်လိုတဲ့သူတွေဟာအရာအားလုံးစွန့်ပြီးသူ့လမ်းစဉ်အတိုင်း ကားတိုင်ထမ်း၍လိုက်ရမယ်ဆိုပြီးတောင်းဆိုချက်တစ်ခုတော့ ပြုထားတယ်။ စွန့်လွှတ်ခြင်းနဲ့ ကားတိုင်လမ်းကဘုရားရဲ့နောက် လိုက်လျှောက်ရခြင်းရဲ့ အဖိုးအခပါပဲ။လူတွေရဲ့ အမြင်ကို မပြောလိုတော့ဘူးလို့ ငြင်းဆန်နေပေမဲ့လူအုပ်ကြီးထဲက တီးတိုးပြောနေလောက်မယ့်အသံတွေ ကျွန်တော့်ရဲ့ နားထဲမှာသူ့အလိုလို ပြန်ကြားယောင်မိလာပါတယ်။‘ဒီဘဝက အကောင်းဆုံးပဲ သိလား။ ဒီလမ်းသာလျှောက် မင်း ကောင်းစားမှာပါ’‘ဘုန်းကြီးဖြစ်မှ မေ့မသွားနဲ့နော်။ ငါတို့ကိုလည်း ပြန်ကြည့်ဦး ဟွန်း’‘နင် ဘုန်းကြီးဖြစ်မှပဲ နင့်မိသားစု အဆင်ပြေတော့မှာ။ မိဘတွေခေါ်ထားလိုက်ပေါ့’‘မင်းဘဝကတော့ တကယ့်ဇိမ်ပဲနော်။ အချိန်တန်စားစရာ အလိုလိုရောက်လာတာ။ ဘုန်းကြီးလုပ်စားတာပဲကောင်းပါတယ်ဟာ’ကြားနေကျ မစိမ်းတော့တဲ့အသံတွေဖြစ်ပေမဲ့ ပြန်ကြားလိုက်တဲ့အခါတိုင်း ရင်ထဲမှာ လေးလံမိသွားတယ်။ ကျမ်းစာထဲကလူအုပ်ကြီးလို ပါပဲလားလို့ အတွေးလေးကဝင်လာတယ်။ သခင်ယေဇူးနောက်ကိုလိုက်တာ တလွဲမျှော်လင့်ချက်ကြီးတွေနဲ့လေ။ မြင်ရတဲ့အတိုင်းဆုံးဖြတ်ကြတော့လည်းနောက်ကွယ်ကရုန်းကန်မူတွေ၊ ပေးဆပ်နေရတာတွေကို မမြင်နိုင်တာ အပြစ်တော့ မဆိုရက်ပါဘူး။ ကိုယ့်ကိုကိုယ်လည်း တစ်ချိန်က ဒီလိုအမြင်မှားခဲ့ဖူးတာပဲ။ သိလာတဲ့အချိန်မှာ မှားနေတဲ့ အတွေးကိုပြင်ရင်း၊ လွဲနေတဲ့အမြင်တွေကို တည့်မတ်ရင်း မှန်ကန်တဲ့စေ့ဆော်မှု၊ စစ်မှန်တဲ့ ခံယူရပ်တည်ချက်တွေဖြစ်အောင် ကြိုးစားပြင်ယူခဲ့ရတယ်။တကယ်တော့ခရစ်တော်ကို လူတိုင်းက လိုက်လျှောက်နေကြတာပါ။ ရဟန်းသူတော်စင်တွေမှ မဟုတ်ပါဘူး။ ခရစ်ယာန်တိုင်းက ခရစ်တော်နောက်ကိုနေ့စဉ်နဲ့အမျှ လိုက်လျှေက်နေကြတယ်။ ဦးတည်သွားနေကြတယ်။ ဘုရားဆီချဉ်းကပ်ကြတယ်။ ဘာကြောင့်ပါလဲ။ ဘဝပြသနာတွေ ပြေလည်ချင်လို့ နားပူနာဆာတိုက်ရုံသက်သက်ပဲလား။ လိုချင်တာကိုကလေးတစ်ယောက်လို တဆာဆာနဲ့တောင်းဖို့အတွက်လား။ ဘုရားဆီသွားမှတော့ကျေးဇူးတော်လိုချင်လို့ သွားတာပေါ့လို့ စောဒက တက်ချင်လည်းရပါတယ်။ ဆုကျေးဇူးလိုချင်လို့ သွားတာမှန်ပေမဲ့ အဲ့ဒီရည်ရွယ်ချက်တစ်ခုထဲတော့ မဖြစ်သင့်ဘူးလေ။ ဘုရားရှင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး၊ ဘုရားရှင်နဲ့အတူ ရှိလိုတဲ့စိတ် ပေါင်းစပ်လိုတဲ့စိတ်၊ ဘုရားက ပထမ ကျန်အရာတွေက သာမညပါဆိုတဲ့ဘုရားကို ဦးထိပ်ထားတဲ့စိတ်၊ ကျေးဇူးတင်ချီးမွမ်းလိုတဲ့စိတ်ထားလေးတွေလည်း ရှိဖို့ မလိုဘူးလား။ လွဲနေတဲ့ အမြင်လေးတွေတည့်ပါစေ။ ခံယူချက်လေးတွေ မှန်ပါစေ။