Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-08 05:23:21

9.11.2023 – 31th Week of Ordinary Time, Thursday
၂၀၂၃ နိုဝင်ဘာလ (၉ ) ရက်၊ ၃၁ ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
စိန့်ဂျွန်း လာတာရန်
John 2:13-22, ရှင်ယောဟန် ၂း၁၃-၂၂
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီယနေ့ ကျွန်ုပ်တို့ကျင်းပနေတဲ့ပွဲနေ့ဟာ လူပုဂ္ဂိုလ်ရဟန္တာရဲ့ပွဲနေ့မဟုတ်ဘဲနဲ့ ဘုရားကျောင်းတော်ကြီးရဲ့ပွဲနေ့ကို ကျင်းပနေခြင်းဖြစ်ပါတယ်။ လာတာရန်ဘာစီလိကားကျောင်းတော်ကြီးကို အပ်နှံပူဇော်ထားတဲ့ပွဲနေ့ကို ကျွန်ုပ်တို့ကျင်းပတဲ့ပွဲနေ့ဖြစ်ပါတယ်။ ဘာကြောင့်ကျင်းပရလဲဆိုတဲ့အကြောင်းရင်းလည်းရှိပါတယ်။ဘုရားရှိခိုးကျောင်းတွေဆိုတာ ဘာသာတိုင်းရဲ့အထွတ်အမြတ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက်ဆိုပိုလိုတောင် အရေးကြီးသေးတယ်။ လူတွေစုဝေးပြိးဘုရားရှိခိုးကြတယ်။ ဆုတောင်းကြတယ်။ မစ္ဆားတရားပူဇော်ကြတယ်။ ဒီလို ဝတ်ပြုဆုတောင်းတာတွေ လုပ်နိုင်ဖို့အတွက်ဘုရားရှိခိုးကျောင်းတွေဆိုတာလိုအပ်လာပါတယ်။ ရှေးဦးခရစ်ယာန်တွေဆိုပုန်းလျိုးကွယ်လျိုးနဲ့အစကနဦးမှာစုဝေးပြီး ဘုရားရှိခိုးခဲ့ရတယ်။တဖြေးဖြေးနဲ့ နေအိမ်တွေမှာစုကြတယ်။ အေဒီ ၃၀၀ နောက်ပိုင်းကျမှဘုရားရှိခိုးဖို့ ကျောင်းတော်ကြီးတွေတည်ဆောက်လာခဲ့ကြတယ်။ ပထမဆုံးတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းဗိမ္မာန်တော်ကြီးက ဒီနေ့ကျင်းပနေတဲ့ရောမမြို့ရှိ စိန့်ဂျွန်းလက်တာရန် ဘုရားကျောင်းတော်ကြီးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဘုရားရှိခိုးကျောင်းကြီးက ဘုရားကျောင်းတွေအားလုံးရဲ့အစ၊ မူလပထမ မိခင်ကျောင်းတော်ကြီးလို့ ဂုဏ်ပြုခေါ်ဆိုကြပါတယ်။ဒီနေ့ဖတ်တဲ့ကျမ်းစာတော်မြတ်ထဲမှာ သခင်ယေဇူးဘုရားရှင်က ဂျေရုဆလင်မြို့ကဗိမ္မာန်တော်ထဲမှာ ရှိတဲ့ဈေးရောင်း ဈေးဝယ်လုပ်နေတဲ့လူတွေကို မောင်းထုတ်ပြီး သန့်စင်တာကိုကြားနာရပါတယ်။ ဘုရားရဲ့ဗိမ္မာန်တော်ကို အဆင့် ၄ ဆင့်ခွဲခြား နားလည်လို့ရပါတယ်။ ပထမအချက်၊ ဗိမ္မာန်တော်ဆိုတာဂျေရုဆလင်မြို့က အီစရာအဲလ်လူမျိုးတွေ အသုံးပြုတဲ့ ဝတ်ပြုရာ အိမ်တော်ကို ရည်ညွှန်းတယ်။ ဘုရားနဲ့ လူ ဆုံတွေ့ရာ သန့်ရှင်းမြင့်မြတ်တဲ့ နေရာတစ်ခုဖြစ်တယ်။ သန့်ရှင်းမွန်မြတ်တဲ့ ဗိမ္မာန်တော်ကို ဈေးတစ်ခုလို ညစ်နွမ်းစေအောင် လုပ်ခဲ့ကြတာမို့ ယေဇူးဘုရားကပြန်လည်သန့်စင်စေဖို့ လုပ်ခဲ့တယ်။ ဘုရားရှိတဲ့နေရာ၊ ကျေးဇူးတော်တွေပေးဝေနေတဲ့နေရာကိုသပ္ပါယ်အောင် တန်ဖိုးထားကာကွယ်ရမယ့်တာဝန်ရှိပါတယ်။ဒါကြောင့်ဘုရားကျောင်းတက်တဲ့အခါ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် အဝတ်အစားကအစ ပြင်ဆင်ကြရတယ်။ ဘုရားကျောင်းကိုလည်း သပ္ပါယ်အောင် အနုပညာ လက်ရာတွေ၊ ပန်းအလှဆင်ခြင်းတွေနဲ့ တန်ဆာဆင်ကြရတယ်။ ဒါဟာ ကောင်းတဲ့အရာတစ်ခုပါ။ဒုတိယအချက်နေနဲ့ ဗိမ္မာန်တော်ဆိုတာသခင်ယေဇူးက သူ့ရဲ့ကိုယ်ခန္ဓာကို ပြောခြင်းဖြစ်တယ်။ သုံးရက်အတွင်းပြန်တည်ဆောက်မယ်လို့ ပြောတာဟာ နှစ်ပေါင်း ၄၀ ကျော် တည်ဆောက်ခဲ့ရတဲ့ ဗိမ္မာန်တော်ကြီးကိုပြောတာ မဟုတ်ပါဘူး။ကိုယ်တော့်ရဲ့ခန္ဓာကိုယ်ဟာဘုရားရဲ့ဗိမ္မာန်တော်ပါလို့ပြောခဲ့တယ်။ ဒုက္ခခံ၊အသေခံပြီးသုံးရက်မြောက်မှာ ဒီခန္ဓာကိုယ်ကြီးနဲ့အတူကိုယ်တော်က ရှင်ပြန်တော်မူမယ်ဆိုတာကိုကြိုတင်မိန့်ခဲ့ပါတယ်။တတိယအချက်ကတော့ ဗိမ္မာန်တော်ဆိုတာအသင်းတော်ကြီးကို ညွှန်းဆိုခြင်းပဲဖြစ်ပါတယ်။ ဘုရားရဲ့ အိမ်တော်ဟာယုံကြည်သူ သားသမီးတွေအတူစုဝေးတည်ရှိနေတဲ့အသင်းတော်ကြီးပဲ။ အသင်းတော်ဆိုတာဘုရားရဲ့လူမျိုးတော်တွေကိုခေါ်တာ။ ဒါကြောင့်ဘုရားရဲ့သားသမီးတွေရှိတဲ့ဘုရားရဲ့အိမ်တော်အသင်းတော်ကိုလေးစားကြရမယ်။ နားထောင်ကြရမယ်။ မိခင်သဖွယ် ချစ်မြတ်နိုးရမယ်။ အသင်းတော်ထဲမှာပါဝင်လှုပ်ရှားကြရမယ်။ တို့တတွေဟာခရစ်တော်ရဲ့ ခန္ဓာကိုယ်ကိုတည်ဆောက်ကြသူတွေ။ ရိုသေလေးစား မြတ်နိုးခြင်းတွေနဲ့ ဒီအသင်းတော်ကို ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။နောက်ဆုံး အချက်အနေနဲ့ တို့အားလုံးဟာ ဘုရားရဲ့ ဗိမ္မာန်တော်လေးတွေ။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားကိန်းဝပ်ရာဗိမ္မာတော်တွေဖြစ်ပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးကိုပင့်ယူတိုင်း ဘုရားသခင်ကိုတို့ရဲ့ဗိမ္မာန်တော်ထဲမှာဖိတ်ခေါ်ကြတယ်။ သန့်ရှင်းတဲ့ဘုရားကိန်းဝပ်တာမို့ တို့နှလုံးသားဗိမ္မာန်လေးတွေ သန့်ရှင်းဖို့လိုတယ်။ အပြစ်ပြုခြင်းဖြင့် မညစ်နွမ်းစေဖို့ သတိပြုကြိုးစားရမယ်။  ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို့ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ စိန့်ဂျွန်လာတာရန် ဘုရားရှိခိုးကျောင်းတော်ကြီးကို အပ်နှံတဲ့ပွဲကျင်းပနေကြတဲ့အလျောက် ကျွန်ုပ်တို့တွေလည်း ဘုရားဗိမ္မာန်တော်ဖြစ်တဲ့ တကယ့်ဘုရားကျောင်းတွေ၊ သာသနာတော်ကြီးနှင့်လူအယောက်စီတိုင်းကို ဗိမ္မာန်တော်အဖြစ်တန်ဖိုးထားရင်း ဘဝတန်ဖိုးတွေပိုမိုမြင့်မြတ်လာသူများဖြစ်လာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Daily Reflection