10.11.2023 – 31th Week of Ordinary Time, Friday
၂၀၂၃ နိုဝင်ဘာလ (၁၀) ရက်၊ ၃၁ ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Luke 16:1-8, ရှင်လုကာ ၁၆း၁-၈
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အဆိုတော်ရေမွန်ရဲ့သီချင်းတွေထဲကနှစ်သက်မိတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်။“ဒီနေ့နဲ့ မနက်ဖြန်အတွက် သင်ဘာတွေလုပ်ဖို့တွေးထားလဲ၊ပိုင်ဆိုင်ထားတဲ့ဘဝကိုမွမ်းမံတည်ဆောက်မယ်”သီချင်းစာသားလေးကို သဘောကျလို့ မကြာခဏ နားထောင်ဖြစ်ပါတယ်။ လူတွေကအနာဂတ် မနက်ဖြန်ဆိုပြီးကြိုတင်ပြင်ဆင်ကြတယ်။ ဘာဖြစ်ချင်တယ်။ ဘာလုပ်ချင်တယ်။ စိတ်ကူးအိပ်မက်တွေရှိပေမဲ့ လက်တွေ့မှာ အကောင်ထည်ဖော်ဖို့ အခက်တွေ့နေတယ်။ မနက်ဖြန် တစ်ခုပဲ ကြည့်လို့မရပါဘူး။ မနက်ဖြန် ဆိုတာ ဒီနေ့က စတယ်။ မနက်ဖြန်အတွက် ဒီနေ့မှာ တည်ဆောက်တယ်။ ကိုယ် ဒီနေ့ တည်ဆောက်တဲ့အရာက မနက်ဖြန်အတွက်ဖြစ်တည်လာမယ့်အရာပါပဲ။ ဒါကြောင့်မနက်ဖြန်ပဲ မျှော်ကြည့်ပြီးဒီနေ့ကို မေ့ထားရင်တော့ ညမှာအိပ်မက်တွေမက်ပြီး မနက်ကျမထနိုင်တဲ့ သူလိုမျိုး ဟန်ချက်မညီ ဖြစ်နေပါဦးမယ်။ဒီနေ့ကျမ်းစာထဲမှာ မရိုသားတဲ့ ဘဏ္ဍာစိုးက စာရင်းတွေလိမ်တာကို သခင်သိတဲ့အခါ ခေါ်ပြီးစာရင်းရှင်းတယ်။ သူ့သခင်က သူ့ကို အလုပ် ဖြုတ်တော့မယ်ဆိုတာ ကြိုသိနေတဲ့အတွက်သူ့ရဲ့အနာဂတ်ကို သူစပြင်တယ်။ အကြွေးသည်တွေရဲ့ ပေးစရာစာရင်းတွေကို လျော့ချပြီးသူအလုပ်မရှိတဲ့အခါသူတို့ဆီကအကူညီကို ပြန်ရအောင်နောက်ဆုံးချိန်ထိ စာရင်းလိမ်ပြီး သူ့ရဲ့မနက်ဖြန်အတွက် သူပြင်ဆင်တယ်။ လောကီသားတွေကလောကီကိစ္စတွေဆောင်ရွက် တဲ့အခါ ပိုကျွမ်းကျင်တယ်ဆိုပြီး ခရစ်တော်က သူ့ကို ချီးကျူးတယ်။ မရိုးမသားလုပ်တာကို ချီးကျူးတာမဟုတ်ပါဘူး။ ဘဏ္ဍာစိုးရဲ့ အမြော်အမြင်ရှိရှိ ပြင်ဆင်သွားတတ်ပုံကို သဘောကျတာပါ။ဘဏ္ဍာစိုးကသူ့ရဲ့ မနက်ဖြန်အတွက် ဒီနေ့သူဘာလုပ်ရမလဲဆိုတာသိတယ်။ ဒီနေ့နဲ့ မနက်ဖြန်ဟာသူ့အတွက် ဆက်စပ်နေတယ်။ မနက်ဖြန်အတွက် မျှော်ရည်မှန်းပြီး ပိုင်ဆိုင်ထားတဲ့ ဒီယနေ့ကိုပညာအမြော်မြင်ရှိရှိ စီမံခန့်ခွဲပြီးကောင်းကောင်းမွန်မွန်နေတတ်ဖို့လိုတယ်။ ကလိမ်ကကျစ် ကောက်ကျစ်တာမျိုးမဟုတ်ဘဲ ပါးနပ်လိမ္မာစွာ ဘဝရှေးရေးအတွက် ပြင်ဆင်နေတတ်ဖို့လိုတယ်။ ဒီနေ့ ငါ့ဘဝကိုဘယ်လိုပြင်ဆင်နေလဲ။ ဘာတွေ စီမံထားပြီးလဲ။ရေရှည်မတွေးဘဲဖြစ်သလို စီးမျောနေလို့ မရပါဘူး။ ဒီနေ့ကိုယ်နေထိုင်တဲ့အပြုအမူ၊အပြောအဆို၊အကျင့်စရိုက်တွေအားလုံးကိုတစ်ချိန်ကျရင်ဘုရားရှင်ထံမှာအစီရင်ခံပြီး စာရင်းရှင်းရမှာပါ။ ဒီဘဝရဲ့ရေရှည်အကျိုးစီးပွားတင်မကနောင်လာမယ့် ထာဝရအသက်တာအတွက်လည်း ဘယ်လိုစီမံကိန်းတွေနဲ့ ကိုယ့်ဘဝကိုရှင်သန်နေလဲဆိုတာပြန်လည် စဉ်းစားသုံးသပ်ကြည့်ဖို့လိုတယ်။ မနက်ဖြန်အတွက်ဒီနေ့ကစပြီးအစီစဉ်ဆွဲကာပါးနပ်လိမ္မာစွာ ရှင်သန်ရင်း ဒီနေ့နဲ့ မနက်ဖြန်တိုင်းကိုတန်ဖိုးရှိစေရအောင်။