11.11.2023 – 31th Week of Ordinary Time, Saturday
၂၀၂၃ နိုဝင်ဘာလ (၁၁) ရက်၊ ၃၁ ကြိမ်မြောက် သာမန်ကာလ စနေနေ့
Luke 16:9-15, ရှင်လုကာ ၁၆း၉-၁၅
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒုတိယ ဘုရားသခင်လား
ဒီယနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာဟာ မနေ့ကဖတ်ရှုခဲ့တဲ့ ကျမ်းစာတော်မြတ်ရဲ့ အဆက်ပဲဖြစ်ပါတယ်။ မနေ့တုန်းကမရိုးသားတဲ့ ဘဏ္ဍာစိုးနဲ့ပတ်သက်ပြီး ကြားနာခဲ့ရတယ်။ သူဟာသခင်ရဲ့ပိုင်ဆိုင်ရာကို မရိုးမသားပြုလုပ်ခဲ့တဲ့ အတွက် သူ့ကို စာရင်းရှင်းခိုင်းပါတယ်။ သူအလုပ်မပြုတ်ခင်လေးမှာ သူ့ရဲ့ရှေ့ရေးအတွက် သူစဉ်းစားပါတယ်။ အကြွေးဆပ်စရာရှိတဲ့သူတွေရဲ့ အကြွေးတွေကို လျော့ချပေးပြီး အကြွေးသည်တွေနဲ့ မိတ်ဖွဲ့ပါတယ်။ သူ ဆင်းရဲသွားလို့ အဆင်မပြေဖြစ်တဲ့အခါ ဒီလူတွေက သူ့ကိုပြန်ကြည့်မှာပဲကူညီပေးမှာပဲ ဆိုတဲ့အတွေးနဲ့ အကြွေးတွေကိုဖြေလျော့ပေး လိုက်ပါတယ်။ ပိုင်ဆိုင်ရာကိုအသုံးချပြီး အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံပြီး ပြင်ဆင်အသုံးချသွားတယ်။တကယ်ဆိုဒီအစေခံကအလှူလက်ဖက်နဲ့ မျက်နှာလုပ်သလိုမျိုး ဖြစ်နေပါတယ်။ သူ့သခင်ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုတွေကိုအသုံးချပြီး သူ့ရှေးရေးအတွက် ပြင်ဆင်တာပါ။ ပိုင်ဆိုင်မှုတွေ ငွေကြေးချမ်းသာမှုတွေကို ဘယ်လိုနေရာမှာအသုံးပြုရမလဲ အနာဂတ်အတွက်ဘယ်လိုရင်းရမလဲဆိုတာ ဒီယနေ့ ကျွနုf ပ်တို့ကို တရားပေးနေပါတယ်။ဟုတ်ပါတယ်။ ငွေဟာမကောင်းမှုတွေရဲ့ စတင်မြစ်ဖြားခံရာ လို့ ဆိုလေ့ရှိကြပါတယ်။ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲ လို့ တေးသီချင်းတွေဖွဲ့သီကြတဲ့အထိ ငွေရဲ့ အရေးပါအရာရောက်မှုကို လူတိုင်း နားလည်သဘောပေါက်ကြပါတယ်။ ငွေဆိုတာ မရှိမကောင်း ရှိမကောင်း လို့လည်း တချို့ကဆိုကြတယ်။ မရှိလို့မရဘူး။ ရှိပြန်တော့လည်း အလိုရမက်တွေကြီး ပြီး အတ္တတွေနဲ့ ပျက်ဆီးခြင်းတွေဆီ ရောက်သွားတာလည်း ရှိကြပြန်ရော။ ငွေကိုတပ်မက်လွန်းပြီး ငွေစေရာနောက်လိုက်ရင် ငွေဟာ ဒုတိယဘုရားသခင်မဟုတ်တော့ဘူး။ ပထမဘုရားသခင်ဖြစ်သွားပါတယ်။ဒီတော့ ငွေကြေးပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ချမ်းသာမှုဟာ ပြသနာမဟုတ်ပါဘူး။ အပြစ်လည်းမဟုတ်ဘူး။ ချမ်းသာမှုကို အများအတွက် အသုံးမပြု၊ မဝေမျှတတ်မှသာ မကောင်းတဲ့အရာဖြစ်လာတာပါ။ မရိုးသားတဲ့ဘဏ္ဍာစိုးကို ပြန်ကြည့်ရအောင်။ သူ့သခင်က အပ်ထားတဲ့ပိုင်ဆိုင်မှုတွေကို နောက်ဆုံးမှာ မိတ်ဆွေရဖို့အတွက် သူ့အနာဂတ်အတွက် အများကြီး ရက်ရက်ရောနဲ့သုံး ပစ်လိုက်ပါတယ်။ ရက်ရောတယ်ဆိုတာ တစ်ပါးသူနဲ့ မိတ်ဆွေဖွဲ့ခြင်းပါပဲ။ သူများကို သနားလို့ ကူညီလိုက်တယ်။ ပေးကမ်းလိုက်တဲ့အခါမှာ အဲ့ဒီအကူညီလိုအပ်နေတဲ့သူနဲ့က ပိုပြီး ရင်းနှီးသွားစေပါတယ်။ ဒါကြောင့် အနာဂတ်အတွက်ထာဝရအသက်ရရှိဖို့အတွက်လောကမှာ ပိုင်ဆိုင်တဲ့အရာတွေကိုသူများနဲ့ မျှဝေသုံးစွဲခြင်းဟာ ထာဝရအတွက် ရင်းနှီးမြုပ်နှံမှုလုပ်တာနဲ့အတူတူပါပဲ။ဒါပေမဲ့ ဒီနေ့ကျမ်းစာထဲမှာ တစ်ခု သတိထားစရာလေးက မရိုးမသားပြုလုပ်တတ်ခြင်းကို ခရစ်တော်က အားမပေးပါဘူး။ ကျွနု်ပ်တို့ကို ယုံကြည်စိတ်ချပြီး ပုံအပ်လို့ ရတဲ့သူမျိုး ဘုရားသခင်ကဖြစ်စေချင်ပါတယ်။ ဒါကြောင့် ငွေကို သူများနဲ့ ဝေမျှတယ်။ ဒါပေမဲ့ အဲ့ဒီငွေကရိုးရိုးသားသား သမာအာဇီဝကျဖို့တော့ လိုသေးတယ။လိမ်ညာခြင်း၊ မတရားအမြတ်ထုတ်ခြင်း တွေက ရလာတဲ့ငွေနဲ့ လှူရင်တော့အဲ့ဒီငွေဟာ မသန့်ပါဘူး။ ဘဝမှာရိုးသားခြင်းတို့၊ တရားမျှတခြင်း၊ စိတ်ချယုံကြည်ရခြင်းတို့ဆိုတာတကယ်လိုအပ်တယ်။ သေးငယ်တဲ့အရာလေးတွေမှာ သစ္စာမရှိဘူး၊ စိတ်မချရဘူးဆိုရင် ကြီးမားတဲ့ကိစ္စတွေကို ဘယ်လိုလုပ်ယုံကြည်ပြီး ပုံအပ်လို့ရမလဲ။ မဖြစ်နိုင်ဘူး။သစ်ပင်ကို ဖြောင့်ချင်ရင်ငယ်တုန်းမှာ ဖြောင့်လို့ရတယ်။ လိုသလို ပုံသွင်းလို့ရတယ်။ကြီးလာရင်တော့ ကောက်တဲ့အပင်က ဖြောင့်ဖို့ မလွယ်တော့ဘူး။ ရှင်သန်နေထိုင်တဲ့ခဏတာဘဝလေးမှာ သေးသေးလေးတွေမှာလည်းသစ္စာရှိပြီး ယုံကြည်စိတ်ချရတဲ့သူ၊ ထာဝရအတွက် အားထုတ်ကြိုးပမ်းတဲ့သူတွေဖြစ်အောင်ရိုးသားစွာနဲ့ ရှင်သန်ကြရအောင်။