၂၀၂၃ နိုဝင်ဘာလ (၁၂ ) ရက်၊ ၃၂ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
Matthew 25: 1-13 , ရှင်မာတေးဦး ၂၅း၁-၁၃
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အသင့်ရှိပါ
မိုးမပြို၊ပြိုခဲ့သည်ရှိသော်ဆိုတဲ့စကားလုံးကို ကြားဖူးကြမှာပါ။ မိုးကောင်းကင်ကြီးပြိုကျခဲ့ရင်ဆိုတဲ့အတွေး ငယ်စဉ်ကစဉ်းစားမိဖူးတယ်။ တစ်ခါမှာစာကလေးငှက်ငယ် တစ်ကောင်ကသစ်ပင်တစ်ပင်မှာ အသိုက်ပြုပြီးနေတယ်။ လေပြင်းမုန်တိုင်းတွေတိုက်ခတ်ပြီး သစ်ပင်တွေပြိုလဲကျသွားတာကိုမြင်တဲ့အခါ အပေါင်းအဖော်တိရိစ္ဆာန်တွေကို ပြာပြာသလဲ သတင်းပို့တယ်။ ကောင်းကင်ကြီး ပြိုတော့မယ်၊ကောင်းကင်ကြီးပြိုတော့မယ်ဆိုပြီးတစာစာအော်ရင်း လိုက်ပြောရှာ တယ်။ ဘဝတူငှက်တွေတင်မက အနီးနားမှာရှိတဲ့ ခွေး၊ ကြောင်၊ နွားတွေကိုပါအသိလိုက်ပေးတယ်။ ကျန်တဲ့တိရိစ္ဆာန်တွေက ငှက်ကလေးကိုကြောင်တောင်တောင်နဲ့ ဘာတွေလာပြောနေလဲမသိဘူးဆိုပြီးလျစ်လျူရှုထားကြတယ်။ စာကလေးကတော့သူ့ရဲ့အသိုက်ပျက်သွားတဲ့အတွက် မိုးပြိုခဲ့ရင်ဆိုတဲ့ အတွေးနဲ့ လုံခြုံခိုင်မာအောင် အသိုက်ထပ်ဆောက်တယ်။ ဒါကို ဖြတ်သွားတဲ့လူတစ်ယောက်က ကြည့်ပြီး ဟေ့ ငှက်ကလေးမင်းဘာတွေ အလုပ်ရှုပ်နေတာလဲဆိုပြီး မေးတယ်။ “မိုးပြိုတော့မှာအစ်ကိုရေ၊ ကျွန်တော့်အသိုက်ကို ခိုင်အောင်လုပ်နေတာ” “မင်းကွာ၊ ဘယ်လောက်ခိုင်မှာမို့လဲ။ မိုးကလည်းတကယ်မပြိုပါဘူး။ အေးဆေးနေစမ်းပါ”ငှက်ကလေးက ပြန်ဖြေလိုက်ပုံက“ဟုတ်တယ်။ မခိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် နိုင်သလောက်တော့ ကျွန်တော် လုပ်နေဦးမယ်” တဲ့။ငှက်ကလေးက လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သူ့အသိုက်ကို ခိုင်မာအောင် ဆောက်နေပေမဲ့ ကျန်တဲ့သူတွေကတော့လေဘယ်လောက်တိုက်တိုက်၊မမှုပါဘူး။ ပတ်ဝန်းကျင်ကပြနေတဲ့အခြေအနေအချိန်အခါရဲ့ သဘောတရားကိုတွေးမမြင်တတ်ဘဲ ဘာမှမတုန့်ပြန်တတ်တဲ့သူတစ်ချို့ရှိတယ်။ဘဝကို အေးအေးဆေး ဆေးနဲ့ ဖြတ်သန်းနေကြတယ်။ ကမ္ဘာကြီးဘာဖြစ်ဖြစ်ကိုယ့်အရေးမဟုတ်။ ဘယ်သူတွေဘာပြောပြောကိုယ်ဂရုမစိုက်။ ကမ္ဘာကုန်တော့မယ်လို့ မကြာခဏပြောတဲ့အသံတွေကြားခဲ့ရတာ ငယ်စဉ်က တည်းကပါ။ ခုထိတကယ်မကုန်သေးပါဘူး။ လောကကမ္ဘာကြီးက ကိုယ်အသက်ရှင်ချိန်မှာပျက်စီးချင်မှ ပျက်စီးဦးမယ်။ ကိုယ့်ဘ၀ကိုယ့်ကမ္ဘာငယ်လေးကတော့အချိန်ရဲ့ ကန့်သတ်မှုအောက်မှာ သက်တမ်းရှိတယ်ဆိုတာကိုတော့မေ့ထားလို့ မဖြစ်ပါဘူး။ ကမ္ဘာကြီးမကုန်သေးပေမဲ့ကိုယ့်ဘဝကုန်ဆုံးမယ်တစ်နေ့ရောက်ကိုရောက်မှာပါ။ ဘဝရဲ့နေဝင်ချိန်ကိုမေ့လျော့နေခဲ့ရင်နေဝင်အိပ်တန်းတက်ရမယ့် ကိုယ့်ဘဝဟာမပြင်မဆင်ဘဲ ဖြစ်နေလိမ့်မယ်။ဒီတစ်ပတ်တနင်္ဂနွေနေ့ကျမ်းစာမှာ ဘုရားသခင်ကမင်္ဂလာဆောင်သတို့သားပုံစံနဲ့ မိမိကိုယ်ကို ခိုင်းနှိုင်းတယ်။ လူတွေကသတို့သားအလာကို စောင့်ကြိုတဲ့ သတို့သမီးအရံ ၁၀ ဦးနဲ့ တူတယ်။ အရင်ခေတ်ကမင်္ဂလာဆောင်တဲ့အခါ သတို့သားကသတို့သမီးရဲ့အိမ်ကိုသွားပြီး မိဘတွေဆီမှာမိသားဖသားပီပီတောင်းခံရတယ်။ သတို့သားနဲ့အတူ သတို့သမီးအရံတွေပါ လိုက်ရတယ်။ လမ်းခရီးက ဝေးတဲ့အတွက် ဆီမီးခွက်တွေထွန်းပြီး ပျော်ရွှင်စွာနဲ့ သတို့သမီးဆီသွားကြရပါတယ်။ ကျမ်းစာထဲမှာ သတို့သမီးအကြောင်းတော့ မပြောထားပါဘူး။ သတို့သားနဲ့ အရံ ၁၀ ဦးကိုပဲ မီးမောင်းထိုးပြတယ်။ သတို့သားလာတဲ့အခါ သတို့သမီးအရံတွေကအဆင်သင့်စောင့်ကြိုရင်း ခရီးအတူသွားကြရတယ်။ ပညာအမြော်မြင်ရှိတဲ့အရံ ၅ဦးက ဆီးမီးခွက်ထွန်းပြီး ဆီအပြည့်နဲ့ စောင့်ကြိုနေတယ်။ အမြော်မြင်နည်းတဲ့ ၅ ဦးကတော့ ဆီဖြည့်ပြီး မစောင့်တဲ့ အပြင် အိပ်ပျော်ငိုက်မြည်းနေကြတယ်။ဘုရားသခင်က သူ့ရဲ့ ကြွလာခြင်းကို ဆီအပြည့်ဖြည့်ပြီး သတိဝိရိယနဲ့စောင့်ကြိုပြင်ဆင်ခိုင်းပါတယ်။ ဒါပေမဲ့လူတချို့ကသတိဝိရိယမရှိကြဘူး။ ဘဝကိုမပြင်ဆင်ဘူး။ လိုအပ်တဲ့ဆီတွေလည်း မဖြည့်ထားဘူး။ စောင့်ကြိုခြင်းကငုတ်တုပ်ထိုင်းပြီး စောင့်ကြိုခိုင်းတာမဟုတ်ဘူး။ ကိုယ်လုပ်နိုင်တာလေး လုပ်ရင် ပါရမီကုသိုလ်လေးတွေ ဖြည့်ဆည်းရင်း သတို့သားအလာကို အသင့်ပြင်ဆင်ခိုင်ခြင်းဖြစ်ပါတယ်။ဒီအတွက်ကြောင့် ဘဝကို ဖြစ်သလို နေထိုင်နေလို့မရပါဘူး။ ဘုရားသခင်ခေါ်တဲ့အချိန်ငါ့ဘဝဟာ အဆင်သင့်ရှိနေပြီးလားဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်။ မထင်မှတ်တဲ့ဘဝရဲ့ ညသန်းခေါင်မှာဘုရားသခင်ကြွလာမယ်ဆိုရင်ပျော်ရွှင်စွာနဲ့ ဘုရားကိုကြိုဆိုနိုင်ပါ့မလား။ မိမိလုပ်ဆောင်နေတဲ့အရာတွေကိုနေ့စဉ်ပျော်ရွှင်စွာလုပ်ဆောင်ရင်း ဆုတောင်းခြင်းနဲ့ပါရမီ အသက်တာတွေနဲ့ ပြင်ဆင်နေကြမယ်ဆိုရင်ကျွန်ုပ်တို့တွေဟာပညာအမြော် မြင်နဲ့ ပြည့်စုံတဲ့သတို့သမီးအရံ ၅ ဦးလို ဘုရားသခင်အတွက်အမြဲအသင့်ဖြစ်နေမှာပါ။ အချိန်မနှောင်းသေးပါဘူး။ ပြင်ဆင်ရင်စောင့်ကြိုကြစို့။