ယနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာ လူအသက်ကိုမသတ်ရဆိုတဲ့ ဓမ္မဟောင်းကဥပဒေကို ခရစ်တော်သခင်က ထပ်ပြီးဖြည့်စွက်ထားတာကို တွေ့ရပါတယ်။ ခရစ်တော် ထပ်ဖြည့်စွက်တာကတော့ လူ့အသက် မသတ်ရုံပဲ မဟုတ်ဘဲ လူတစ်ယောက်အပေါ် အမျက်ထွက်မိရင်၊ ဆဲဆိုမိရင်ကို လူ့အသက် သတ်သလိုဖြစ်ကြောင်း မိန့်ဆိုထားတာကို တွေ့ရပါတယ်။
လူဆိုတာ အသက်ကို သတ်မှသေတာ မဟုတ်ပါဘူး။ စိတ်ကို သတ်ရင်လည်း လူတစ်ယေက်ကို သေစေနိုင်ပါတယ်။ လူ့စိတ်ကို သတ်လိုက်တာဟာ အသက်ကို သတ်တာထက် ပိုဆိုးပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ စိတ်ဟာ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီစိတ်ဆိုတဲ့အရာနဲပဲ လူတစ်ယောက်ဟာ သွားလာလှုပ်ရှား လုပ်ကိုင်နေနိုင်တာ ဖြစ်တယ်။ လူတစ်ယောက်ဟာ စိတ်သေသွားရင် အသက်ရှင်ပေမဲ့လည်းပဲ သူ့ဘဝဟာ ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး။ အဲ့ဒီလူဟာ သေနေတာနဲ့ အတူတူပါပဲ။ လူ့အသတ်ကို နှုတ်ယူတဲ့ဓါးထက် လူ့စိတ်ကို နှုတ်ယူတဲ့လျှာက ပိုကြောက်ဖို့ ကောင်းပါတယ်။ ကျွန်ုပ်တို့ရဲ့လျှာက လူတစ်ယောက်ရဲ့ဘဝကို ပျက်စီးသွားစေနိုင်ပါတယ်။ တခါတလေကျ ကျွန်တော်တို့ ဒေါသထွက်တဲ့အချိန်တွေမှာ ကျွန်ုပ်တို့ရဲ့စိတ်ကို မထိန်းနိုင်ဘဲ လူတစ်ယောက်ကို ဆဲဆိုလိုက်တယ်။ ကျွန်ုပ်တို့ရဲ့ဒေါသစိတ် ပြေတဲ့အခါ ကိုယ်ဘာပြောလိုက်မှန်းတောင် မသိလိုက်ပေမဲ့ အပြောခံရတဲ့ လူအတွက်တော့ သူ့ဘ၀ တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ပါတယ်။ လူတစ်ယောက်ကို ကျွန်ုပ်တို့ဟာ ဓါးနဲ့ပဲမဟုတ်ဘဲ စကားနဲ့လည်း သတ်နိုင်တာမို့ ကျွန်ုပ်တို့ရဲ့ အပြောအဆိုတွေကို သတိထားသင့်ပါတယ်။
ယနေ့ ဧဝံဂေလိကျမ်းစားတော်မြတ်ထဲကနေ ကျွန်ုပ်တို့ကို ထောက်ရှုစဉ်းစားဖို့ အရေးကြီးတဲ့ အချက် တစ်ချက်ကို ပေးထားပါတယ်။ အဲ့ဒီအချက်ကတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့နှုတ်နဲ့ လူတစ်ယောက်ယောက်ကို သတ်မိလား ဆိုတာပါပဲ။ လူတစ်ယောက်ကို ဓါးနဲ့ပဲမဟုတ်ဘဲ နှုတ်နဲ့လည်း သတ်နိုင်တာမို့ ကျွန်ုပ်တို့ရဲ့ ဘဝမှာ လူတစ်ယောက်ယောက်ကို နှုတ်နဲ့သတ်မိခဲ့ဖူးလားဆိုတာ ထောက်ရှုစဉ်းစားရင်း ရှေ့ဆက်ဖြတ်သန်းရမဲ့ ကျွန်ုပ်တို့ရဲ့ဘ၀ခရီးမှာလည်း လူတွေကို ကျွန်ုပ်တို့ရဲ့နှုတ်နဲ့ မသတ်မိအောင် ကြိုးစားကြပါစို့။
#Bro. Raymond (MS)