Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-12 05:05:08

32nd Week in Ordinary Time, Monday
၂၀၂၃ နိုဝင်ဘာလ (၁၃ ) ရက်၊ ၃၂ ကြိမ်မြောက် သာမန်တနင်္လာနေ့
Luke 17: 1-6, ရှင်လုကာ ၁၇း၁-၆
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

မကောင်းလမ်းပြ

 

ငယ်စဉ်တုန်းကကြီးကောင်းကြီးမားနဲ့ ကလေးတွေကြားကစားရင် ကလေးဗိုလ်လုပ်တယ်။ နင်ကိုကတည်ချက်၊ ကလေးတွေကို လမ်းပြနေတာစသဖြင့် လူကြီးတွေကဆူတာကိုခံရဖူးတယ်။ အိမ်တံခါးကမဝင်ဘဲပြတင်းပေါက်က ကျော်ဝင်ရင်သူခိုးလမ်းပြလုပ်ပြီ ဆိုတဲ့ဆူတာမျိုးလည်း ကလေးဘဝမှာကြုံဖူးတယ်။ သြော် ဘာပဲလုပ်လုပ် သူများကကြည့်နေတာကိုယ်လုပ်ရပ်တွေကသူများအတွက်လည်းဖြစ်နေပါလားဆိုတာသိခဲ့ရပါတယ်။ကျွန်ုပ်တို့အားလုံးဟာ ဘယ်သူမှကိုယ့်အတွက်ပဲရှင်သန်ကြတဲ့သူတစ်ယောက်မှမရှိပါဘူး။ ကိုယ့်ရဲ့ ရှင်သန်ခြင်းက သူတစ်ပါးကိုလည်းအနည်းနဲ့အများ ထိပါးသက်ရောက်မှုရှိပါတယ်။ ကိုယ်ကသာ ကိုယ် ဘယ်လိုနေလဲဆိုတာကို သတိမထားမိတာပါ။ ဘေးနား ပတ်ဝန်း ကျင်က လူတွေက ကိုယ့်ကို အမြဲကြည့်နေကြတယ်။ သူများကြည့်မနေပါဘူး အထင်နဲ့လုပ်လိုက်တဲ့အပြုမှုတိုင်းကသူများအတွက် သက်ရောက်မှုတစ်ခုဖြစ်စေတယ်ဆိုတာ တခါတလေ သတိတောင်မိကြဘူး။ ဘယ်သူဘာပြောပြော ဂရုစိုက်စရာမလိုဘူးဆိုတာ နေရာတိုင်းမှန်တော့ မမှန်နိုင်ဘူး။ ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူးဆိုပေမဲ့ရွေ့ခဲ့ရတဲ့ခေါင်းတွေလည်းရှိတယ်။ ပတ်ဝန်းကျင်ကကိုယ့်ကိုထုဆစ်တာမျိုး ရှိသလို ကိုယ်က အသိုင်းအဝိုင်းကို ပြန်ပုံသွင်း တာမျိုးလည်းဖြစ်နေတတ်ပါတယ်။ ဘာလိုပဲဖြစ်ဖြစ် ကိုယ်ကောင်းအောင် နေခြင်းဖြင့် သူများရဲ့ ဘဝကို ပိုပြီး ကောင်းသွား စေနိုင်သလို ကိုယ်ကိုတိုင်က မကောင်းလမ်းပြ ဖြစ်အောင် နေတယ်ဆိုရင် သူများတွေကိုလည်း မကောင်းတာလုပ်ဖို့ အားပေးအားမြောက်ရာရောက်သွားနိုင်ပါတယ်။မဟဓမ္မဂန္ဒီက“ခရစ်တော်ကိုတော့ကြည်ညိုလေးစားနှစ်သက်ပါတယ်။ ဒါပေမဲ့ခရစ်တွေကိုတော့ ကျွန်ုပ် သဘောမကျပါဘူး”လို့ ဆိုခဲ့ဖူးပါတယ်။ ဒီစကားက သူ့ဘဝနဲ့ရင်းပြီး ကြုံတွေ့ခဲ့တာကို အခြေခံပြီး ပြောထွက်လာခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒီလို စကားမျိုး မကြာခဏဆိုသလို ကြားရဖူးပါတယ်။“ဘုရားကိုတော့ယုံပါတယ်။ ဒါပေမဲ့ တလွဲစီလုပ်တတ်တဲ့ခရစ်ယာန်တွေကိုတော့မယုံဘူး”ဆိုတဲ့စကားမျိုးတွေကြားဖူးပါတယ်။ နေချင်သလိုနေပြီး လွဲလုပ်ကြတဲ့ ရဟန်းဘုန်းကြီးတွေ ၊ သူတော်စင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ပုံသက်သေကလည်း ဒီနေ့ခေတ်မှာ က်ခတ်မှုတွေ ရှိလာပါတယ်။ သူကောင်းတာ သူ့ကိုရားစီရင်လိမ့်မယ်။ ဘုရားကိုအယုံကြည်မပျက်ဖို့က ကိုယ့်ကိစ္စပဲလို့ဆိုတာ မှန်ပေမဲ့လည်းဘဝပုံသက်သေကလည်း သူများအပေါ်မှာလွှမ်းမိုးမှုရှိတာကိုငြင်းလို့မရပါဘူး။ ဘယ်သူမဆိုမကောင်းလမ်းပြဖြစ်အောင်နေရင်သူတစ်ပါးအတွက်လည်း နဲနဲလေးပဲဖြစ်ဖြစ် သက်ရောက်မှုဆိုတာ ရှိသွားနိုင်ပါတယ်။ ဒီယနေ့ ဧဝံဂေလိကျမ်းစာထဲမှာ မကောင်းလမ်းပြတဲ့သူဟာ ကြိတ်ဆုံကျောက်ကို လည်ပင်းမှာဆွဲပြီး ပင်လယ်ထဲမှာ ပစ်ချခံလိုက်တာက ပိုကောင်းဦးမယ်လို့ဆိုပါတယ်။အဓိပ္ပါယ်ကသူများကိုအပြစ်ရောက်အောင်ဖြစ်စေတဲ့မကောင်းလမ်းပြခြင်းလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ခရစ်တော်ကမကောင်းလမ်းပြခြင်းကိုမပြုလုပ်ဖို့ပြင်းပြင်းထန်ထန်ဆုံးမခဲ့ခြင်းပဲဖြစ်ပါတယ်။ဘယ်အချိန်မှာ ကျနော်တို့က သူများအတွက်မကောင်းလမ်းပြတဲ့သူများဖြစ်သွားစေပါလဲ။ “ခရစ်ယာန်ဘဝကို မှန်မှန်ကန်ကန်လေးလေးနက်နက်မနေကြတဲ့အခါခရစ်ယာန်ကနေခရစ်ဟန်ကြီးတွေဖြစ်လာကြတယ်”လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကသြဝါဒတစ်ခုမှာမိန့်ကြားခဲ့ပါတယ်။ ခရစ်ယာန်ဆိုတာခရစ်တော်ရဲ့နောက်ကိုလိုက်တဲ့သူဖြစ်ပါတယ်။စဉ်းစားတဲ့ အတွေး အခေါ်၊ ရင်ထဲမှာရှိတဲ့ခံစားချက်၊လုပ်လိုက်တဲ့အပြုအမူတွေကအစခရစ်ယာန်တစ်ယောက်လိုဖြစ်ရပါမယ်။သူများအပေါ်မှာသဘောထားကြီးကြီးနဲ့နားလည်ခွင့်လွတ်တတ်တဲ့ စိတ်၊လူအားလုံးအတွက်အကောင်းပြုပေးချင်တဲ့မွန်မြတ်သောစိတ်ထား လေးတွေနဲ့ယုံကြည်ခြင်းမှာ ရင့်ကျက်စွာရှင်သန်တဲ့သူဟာ ခရစ်ယာန်ပီသပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဟန်ဆောင်ကြတဲ့ ခရစ်ဟန်၊ အကောင်းမပြဘဲ မကောင်းလမ်းပြသူတွေဖြစ်လာပါလိမ့်မယ်။ ဒီအတွက်ကြောင့် ကျွန်ုပ်တို့ဘဝအသက်တာကိုအကောင်းတွေပြုရင်းသူများကိုလည်း အကောင်းပြုအောင်တွဲခေါနိုင်တဲ့သူတွေဖြစ်ဖို့ သူများဘဝကိုမကောင်းလမ်းပြတဲ့သူတွေ မဖြစ်ဖို့လည်းကြိုးစားရမှာဖြစ်ပါတယ်။ အကောင်းကိုပြုခြင်း၊ ဒုစရိုက်ကို ရှောင်ရှားခြင်းဆိုတာ ပါရမီ ကိုယ်ကျင့် သိက္ခာတရားနဲ့ ပြည့်ဝတဲ့ အသက်တာပဲ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းတို့ မိမိကိုယ်တိုင်ပါရမီနှင့် ပြည့်ဝတဲ့သူဖြစ်အောင်ကြိုးစားရင် ကိုယ့်ရဲ့ဘဝပုံစံအားဖြင့် သူတစ်ပါးရဲ့ အသက်တာတွေကိုလည်းပိုပြီး ကောင်းအောင်သက်သေခံ ရှင်သန်နိုင်ကြပါစေ။

Daily Reflection