32nd Week in Ordinary Time, Wednesday
၂၀၂၃ နိုဝင်ဘာလ ((၁၅ ) ရက်၊ ၃၂ ကြိမ်မြောက် သာမန်ဗုဒ္ဓဟူးနေ့
Luke 17: 11-19, ရှင်လုကာ ၁၇း၁၁-၁၉
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျေးဇူးတင်ပါ
ဘုရားက လူကိုကျေးဇူးတင်စကား ဆိုစရာမလိုပေမဲ့လူကတော့ ဘုရားကျေးဇူးမမေ့အပ်ဘူးဆိုတဲ့အကြောင်းဒီယနေ့ကျမ်းစာမှာထောက်ရှုရတယ်။ သခင်ယေဇူးက နူနာစွဲနေတဲ့ ာဂါသည် ၁၀ ယောက်ကို ကုသပေးခဲ့ပါတယ်။ အဲ့ဒီ၁၀ဦးထဲမှ လူမျိုးခြားဖြစ်သူ ဆမာရီတန် တစ်ဦးထဲသာကိုယ်တော့်ဆီပြန်လာပြီး ကျေးဇူးတင်ကြောင်း လာပြောပါတယ်။ ကျန်တဲ့ ၉ ဦးလည်း ပျောက်ကင်းပေမဲ့ လူမျိုးခြား ၁ ဦးကတော့ ထူးထူးခြားခြား ကျေးဇူးမမေ့ဘဲ ကျေးဇူးတင်ကြောင်းလာပြောပါတယ်။ ဆမာရီတန်နှင့်ဂျူူးဆိုတာ ကမ္ဘာ့ရန်ဖက်တွေလိုမခေါ်မပြောကြတဲ့ အကန့်အသတ် တွေရှိတယ်။ ဂျူးတွေကပြောမယ်ဆို အိမ်ရှင်နဲ့တူတယ်။ ဆမာရီတန်ကဧည့်သည်တွေ၊ ဒါပေမဲ့အိမ်ရှင်တွေက ဘုရားကိုကျေးဇူးတင်ရမှန်းမသိတတ်ဘူး။မိသားစုအသိုင်းအဝိုင်းမှာလည်း ဒီလိုမျိုးတွေရှိတတ်တယ်။ သားသမီးတွေကမိဘတွေကို ကျေးဇူးတင်စကားမပြောဖြစ်ကြတာတွေရှိတယ်။ မိဘကချစ်လို့ပေးပေမဲ့သားသမီးကမေတ္တာလို့ မခံယူဘဲတာဝန် တစ်ခုလို့ထင်မြင်ကြတယ်။ တချို့ဆိုမိဘကိုပြန်ပြောတာရှိတယ်။ ကိုယ်မွေးထားတဲ့သားသမီးပဲ ကျွေးရမှာပေါ့။ ကျွေးမွေးရမှာမိဘတာဝန်မှန်ပေမဲ့မိဘတွေကဝတ္တရားတစ်ခုအနေနဲ့ကျွေးမွေးခဲ့တာမဟုတ်ဘူး။ မေတ္တာတွေ၊ အချစ် တွေနဲ့ ပေးခဲ့တာပါ။ ဒါကို တန်ဖိုးမထားဘဲ အလကားပေးရလို့ တန်ဖိုးမဲ့တယ်လို့ မြင်ကြတဲ့သူတွေ အများကြီးရှိတယ်။ အလကား လက်ဆောင် အဖြစ်ရတဲ့ ပစ္စည်းထက် မိမိကိုယ်တိုင် ချွေးနည်းစာနဲ့ စုဆောင်းဝယ်ယူထားတဲ့ပစ္စည်းကို ပိုပြီးတန်ဖိုးထားတတ်တာ လူ့သဘာဝပါပဲ။ဒါပေမဲ့ဘုရားသခင်က ကျွန်ုပ်တို့ကိုသတိပေးနေတယ်။တချို့လက်ဆောင်တွေကတန်ဖိုးကြီးတယ်။ ကိုယ့်ဖက် က အားစိုက်မထုတ်ရပေမဲ့ တစ်ဖက်လူက အနစ်နာခံလိုက်ရတာတွေရှိတယ်။ ပေးသူဖက်ကို ပြန်ငဲ့ကြည့်ပြီး ရတဲ့ အရာကို ကျေးဇူးတင်တဲ့စိတ်နဲ့ တန်ဖိုးထားရပါမယ်။ ဖေ့ဘုတ်ပေါ်မှာ တွေ့မြင်ဖူးတဲ့ ဓါတ်ပုံလေးတစ်ပုံရှိတယ်။ ပုံထဲမှာသူငယ်ချင်း ကလေးလေး ၂ ယောက်။ တစ်ယောက်ကစက်ဘီးစီးသင်နေတာကို ဘေးကသူငယ်ချင်းက လိုက်တွန်းပေးနေတဲ့ပုံလေးပါ။ ထူးခြားတာက လိုက်တွန်းပေးတဲ့ကလေးလေးက ဘောင်းဘီလျောကျပြီး ကျွတ်နေတာတောင် သူ့သူငယ်ချင်းအတွက် အနစ်နာခံပြီးကူပေးနေတာလေးကချစ်စရာလေးပါ။ အဲ့ပုံလေးနဲ့တွဲရေးထားတဲ့ စာသားလေးကတော့ မင်းကိုအကူညီပေးနေတာ သူ့မှာအဆင်ပြေလွန်းလို့ ဟုတ်ချင်မှဟုတ်မယ်။ ဒါကြောင့် သူပေးတဲ့အကူအညီက သေးသေးကြီးကြီး တန်ဖိုးထားပါလို့ ရေးထားတယ်။ အတွေးတွေအများကြီးရရှိစေတဲ့ဓါတ်ပုံလေးတစ်ခုပါပဲ။မိဘတွေအနေနဲ့ သားသမီးတွေကိုကူညီပေးနေတာအဆင်ပြေလွန်းလို့ဟုတ်ချင်မှဟုတ်မှာ။ ခါးကလုံခြည် လေးပေါင်ပြီးပေးတာလည်း ဖြစ်နိုင်တယ်။ နားကနားကပ်လေးချွတ်ပြီး ဖန်တီးပေးတာလည်းဖြစ်နိုင်တယ်။ တန်ဖိုးတွေကြီးလွန်းပါတယ်။ ဘုရားသခင်ဖက်ကလည်း ကျွန်ုပ်တို့လူသားတွေကို နေ့စဉ်နဲ့အမျှကျေးဇူးတော်တွေပေးတယ်။ ဒါတွေက ကျွန်ုပ်တို့ကရထိုက်လို့ ထိုက်တန်လို့ ပေးတာမဟုတ်ဘူး။ ဘုရားကချစ်လို့ပေးတာ အဲ့ဒီမေတ္တာကျေးဇူးတွေကို တန်ဖိုးထားဖို့လိုတယ်။ မြင်တတ်ရင်အရာရာတိုင်းကဘုရားရဲ့ ကျေးဇူးတော်တွေချည်းပါပဲ။ ဖိနပ်မရှိလို့ ထိုင်ညည်းနေမယ်ဆိုရင် ဖိနပ်စီးစရာခြေထောက်မပါတဲ့သူကို အားနာဖို့ကောင်းတယ်။ ဟင်းမကောင်းလို့ စိတ်ညစ်နေမယ်ဆိုရင် ဗိုက်မှောက်နေကြရတဲ့သူတွေကို ဘယ်လိုနေရှာမလဲ စဉ်းစားကြည့်ပါ။နေ့တိုင်းနေ့တိုင်း အသက်ရှင်ခွင့်ရတယ်။ နိုးထခွင့်ရတယ်။ ဘုရားကိုခေါ်တခွင့်ရှိတယ်။ ကောင်းတဲ့ကျန်းမာရေး၊ကောင်းတဲ့လေ၊ကောင်းတဲ့ရေ၊ အစားအစာတွေဘုရားသခင်ပေးထားတယ်။ စက္ကန့်နဲ့မလပ်ကျွန်ုပ်တို့ကျေးဇူးတင်ရမှာကအသက်ရှုဖို့လေကို ပေးထားတာပဲ။ ကိုဗစ်ကာလအတွင်းမှလူတွေ အောက်ဆီဂျင်ရဲ့တန်ဖိုးကိုပိုသိလာကြတယ်။ အရင်တုန်းကအလကားရှုခဲ့ရတဲ့လေကိုသိန်းပေါင်းများစွာပိုက်ဆံပေးပြီးရှုခဲ့ရတယ်။ ပိုက်ဆံရှိရင်တောင်လွယ်လွယ်နဲ့မရနိုင်တဲ့ အခြေအနေမျိုးတွေကြုံရတဲ့အခါမှာအရင်က အလကားရခဲ့တဲ့အရာတွေက တန်ဖိုးကြီးလိုက်တာဆိုပြီး ကျေးဇူးတွေတင်တတ်လာတယ်။ ပြန်စဉ်းစားကြည့်ရင်ကျွန်ုပ်တို့ဘဝမှာ ကျေးဇူးတော်သာအရာရာပါ။ ဘုရားကိုကျေးဇူးတင်စရာတွေ အများကြီးရှိတယ်။ ဒီယနေ့ဘုရားရဲ့ ကျေးဇူးတော်တွေကိုပြန်လည်ရေတွက်ကြည့်ရအောင်ပါ။ကျေးဇူးသိတတ်သူသာဘုရားရဲ့မေတ္တာစေတနာကိုပိုပြီးသဘောပေါက်ကာတန်ဖိုးထားတတ်တယ်။အယောက်တိုင်းက မတူညီတဲ့ ကျေးဇူးတွေခံစားရပါတယ်။ သူကိုကျတော့ ကျန်းမာပျော်ရွှင်စေတယ်။ ငါ့ကိုကျတော့ အဲ့ဒါမပေးဘူး။ နာမကျန်းဖျားနာ ခြင်းတွေကို ပေးထားတယ် ဆိုပြီး ထိုင်ညည်းနေတဲ့သူတွေလည်းရှိမှာပဲ။ သူများနဲ့ မတူတဲ့အတွက်သူများနဲ့ နှိုင်းဖို့မလိုပါဘူး။ သူများမှာမရှိတဲ့ ကျေးဇူးတော်တွေကိုကိုယ်ခံစားရတာတွေလည်းရှိပါတယ်။ နာမကျန်းမှုကိုဖြစ်စေတယ်ဆိုရင် ဒီဝေဒနာကို ခံထမ်းဖို့ ခွန်အားကိုပါဘုရားက ထည့်ထားပေးပြီးသား။ဒီလိုခံနိုင်ရည်ပေးတဲ့အတွက် ဘုရားကိုကျေးဇူးတင်လိုက်ပါ။ဒီယနေ့ကျွန်ုပ်တို့တွေကခံစားရတဲ့ကျေးဇူးတော်တွေအတွက်ကျေးဇူးတင်နေကြသလို ကျွန်ုပ်တို့လိုမျိုး ထပ်တူထပ်မျှမခံစားရသေးတဲ့ ခက်ခဲဒုက္ခရောက်နေတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်လည်း ဘုရားသခင်ဆီမှာဆုတောင်းကူပေးကြရအောင်။ ဘုရားရဲ့ကျေးဇူးတော်များကိုတန်ဖိုးထားပြီးကျေးဇူးသိတတ်သူတွေ၊ကျေးဇူးဖြန့်ဝေတဲ့သူတွေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ။