32nd Week in Ordinary Time, Friday
၂၀၂၃ နိုဝင်ဘာလ (၁၇) ရက်၊ ၃၂ ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Luke 17: 26-37, ရှင်လုကာ ၁၇း၂၆-၃၇
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အခွင့်သာခိုက်မှ မလိုက်ချင်လျှင်
ထာဝရတည်မယ့်အရာနဲ့မမြဲတတ်တဲ့လောကသဘောတရားတွေကို ဒီယနေ့ကျမ်းစာမှာထောက်ရှုရပါတယ်။ အရာအားလုံးအဆုံးသတ်မယ့်တစ်နေ့ဆိုတာမဖိတ်ခေါ်လည်းသေချာပေါက်ရောက်လာမှာပါ။ ဘုရားသခင်ဖန်ဆင်းထားတဲ့အရာအားလုံးဟာ သူ့အစီအစဉ်နဲ့သူလည်ပတ်နေကြတယ်။ အစရှိခဲ့သလိုအဆုံးလည်းရှိပါတယ်။ကျောင်းသားဘဝတုန်းကသင်ခဲ့ရတဲ့လယ်တီဆရာတော်ကြီးရဲ့ မြန်မာကဗျာလေးတစ်ပုဒ်ရှိပါတယ်။ "ခွင့်သာခိုက်မှမလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိလေလိမ့်မလား၊ခွင့်သာဆဲမှမခဲချင်လျှင်အလွဲနင့်ပြင် ရှိလေလိမ့်မလား၊ခွင့်သာတုန်းမှမရုန်းချင်လျှင်အရှုံးနင့်ပြင် ရှိလေလိမ့်မလား"ဒီကဗျာလေးက အခွင့်သာတုန်းမှာမိမိရရ လက်ဆုပ်လက်ကိုင်မပြုတတ်ရင်ကိုယ်ထက်မိုက်တဲ့သူ၊ကိုယ့်လောက်အလွဲပြုတတ်သူကိုယ့်လောက်ရှုံးမယ့်သူဒီလောကမှာ မရှိတော့ဘူးလို့ ဆုံးမထားတာပါ။သခင်ယေဇူးကလည်းကျမ်းစာထဲမှာပြောထားတာကလူဆိုတာအချိန်အကန့်သတ်နဲ့နေရတဲ့သူဖြစ်တယ်။အရာအားလုံးဟာအမြဲတမ်းဒီအတိုင်းရှိနေမှာမဟုတ်ဘူး။အခြေအနေအချိန်အခါက ပြောတဲ့ သတင်းစကားကို လက်ခံပြီး အခွင့်ရေး ရှိတုန်း နောင်တယူပြီး ကိုယ့်ဘဝကို ပြုပြင်ဖို့လိုတယ်။နောဧလက်ထက်မှာလူတွေက အရာအားလုံး ဒီအတိုင်း ရှိနေဦးမယ် ထင်မှတ်ပြီး နောင်တမယူ၊မိုက်လုံးကြီးနေတဲ့အခါသေကြေပျက်စီးခဲ့ကြရတယ်။မမြဲတဲ့သင်္ခါရတရားကိုဆင်ခြင်ပြီး အချိန်ရှိတုန်းမိမိဘဝကို ပြုပြင်ပြောင်းလဲယူရမယ်။ ထာဝရအသက်နဲ့ဆိုင်တဲ့အရာတွေကို ရှာဖွေဆည်းပူးနေဖို့လိုပါတယ်။ထာဝရအသက်ကိုရှာဖွေတဲ့အခါနည်းလမ်းတစ်ခုတော့ရှိတယ်။ မိမိအသက်ကို ဆုံးရှုံးခံတဲ့သူဟာအသက်ကိုကယ်တင်နိုင်လိမ့်မယ်။ အသက်ကိုကယ်ရင်ရှုံးလိမ့်မယ်။ အသက်ကိုပေးရင်ပြန်ရတယ်။ ဆန့်ကျင်ဖက်ဒွိဟ ဖြစ်စေတဲ့အတွေးပါပဲ။ ဒါပေမဲ့ ဒါဟာလက်ခံရမယ့်အမှန်တရားတစ်ခုပါပဲ။ လောကကြီးမှာကိုယ့်အတွက်ဆုပ်ကိုင်ထားသရွေ့ ဘယ်အရာမှကိုယ်မပိုင်ပါဘူး။ လိုက်ဖမ်းနေသရွေ့ ကိုယ်မမိပါဘူး။ ဖြစ်သင့်တဲ့သဘောအတိုင်းဖြစ်ခွင့်ပေးဖို့လိုတယ်။ ရှင်ဖို့အတွက်သေပေးရဦးမယ်။ အောင်မြင်ဖို့အတွက်နာကျင်ရဦးမယ်။လောကရဲ့ဖြားယောင်းမှုတွေကြားမှာရှင်သန်နေလို့မရတော့ဘူး။ ကိုယ့်ရဲ့အတ္တတွေကြားမှာကိုယ့်ကိုကိုယ် သေပေးရမယ်။ကိုယ့်ဘဝကို ပိတ်ထားတဲ့ငါ့အတွက်ဆိုတဲ့အခွံမာကြီးမကွဲသေးသရွေ့ သူများတွေအတွက်စဉ်းစားပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကမ္ဘာကောင်းကင်ထဲကအိပ်မက်သေးလေးတွေကိုကျော်ပြီး သူများအတွက်ပါ အိပ်မက်အကြီးကြီးတွေမက်ပေးဖို့လိုတယ်။ ဒါဟာသခင်ယေဇူး ပြောပြနေတဲ့အသက်ကို ဆုံး ရှုံးခံခြင်းဖြင့် အသက်ကို ပြန်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အခွင့်သာခိုက်မှာဘုရားရဲ့တရားကို မလိုက်ချင်ရင်အမိုက်နင့်အပြင်ရှိလေဦးပါ့မလား။