32nd Week in Ordinary Time, Saturday
၂၀၂၃ နိုဝင်ဘာလ (၁၈) ရက်၊ ၃၂ ကြိမ်မြောက် သာမန်ကာလ စနေနေ့
Luke 18: 1-8 , ရှင်လုကာ ၁၈း၁-၈
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
Miss Call လေးတော့ ပေးထားပါ။
ဒီနေ့ကျမ်းစာထဲမှာ ဘုရားလည်းမကြောက်၊လူ့မျက်နှာလည်းမထောက်ထားတဲ့ တရားသူကြီးတစ်ယောက်ဆီမှာ မုဆိုးမတစ်ဦးက လာရောက်ပြီးသူမရဲ့တရားပြိုင်ဖက်နှင့်တရားမျှတစွာစီရင်ပေးဖို့ တောင်းဆိုတယ်။ အစမှာတရားသူကြီးကလျစ်လျူရှုထားပေမဲ့ မုဆိုးမရဲ့ထပ်ခါထပ်ခါ တောင်းဆိုမှုကြောင့် နောက်ဆုံးမလိုက်လျောပေးလိုက်ရတယ်ဆိုတဲ့အကြောင်း ဖတ်ရှုရပါတယ်။ ဆုတောင်းတဲ့အခါ စိတ်အားမလျော့ဘဲယုံကြည်စွဲမြဲစွာဇွဲရှိရမယ့်အကြောင်း ခရစ်တော်ဘုရားရှင်ကဒီဥပမာလေးနဲ့တရားပေးပါတယ်။လူတွေကဆုတောင်းတဲ့အခါဘုရားကနားညောင်းပါတယ်။ ဒါပေမဲ့ဘုရားရဲ့တုန့်ပြန်ပုံက လူတွေတွက်ချက်ထားတဲ့အချိန်အခါတိုင်း၊ မျှော်မှန်းထားသလိုလာချင်မှလာမှပါ။ ဒီအချက်ကိုအများပိုင်းကမေ့လျော့နေတတ်တယ်။ ဆုတောင်းတဲ့အခါချက်ချင်းရချင်တယ်။ ကိုယ်တောင်းတဲ့အရာအတိုင်းလိုချင်တယ်။ ဘုရားကိုဇွတ်တောင်းဆိုလို့မရဘူး။ ကိုယ့်အစီအစဉ်အတိုင်းမဟုတ်ဘဲဘုရားအစီအစဉ်ကိုလက်ခံတတ်ဖို့လိုပါတယ်။ လူတွေမြင်တာကကျဉ်းကျဉ်းလေးတစ်ထွာတစ်မိုက်နဲ့တောင်းနေပေမဲ့ ဘုရားကအချိန်အခါသင့်လျော်တဲ့အခါလိုအပ်သလိုချပေးပါတယ်။ ကိုယ်တောင်းတဲ့ဆုတွေမပြည့်တဲ့အခါစိတ်ပျက်တယ်။ယုံကြည်ခြင်းတွေနည်းလာတယ်။ဘုရားကပေးလည်းမပေးဘူး။ ငါ့ကိုပစ်ထားတယ်။တဖြေးဖြေးနဲ့ညည်းတွားပစ်တင်တတ်လာတယ်။အသေချာယုံကြည်ထားရမှာတစ်ခုကဘုရားကကျွန်ုပ်တို့ လူတွေလိုအပ်တဲ့အကောင်းတွေဆိုရင် အချိန် တန်ရင်ပေးမယ်ဆိုတာပါပဲ။ကိုယ်လိုအပ်တဲ့အရာကိုဇွဲရှိရှိနဲ့တောင်းရမယ်။ စိတ်ရှည်ရမယ်။ အချိန်ပေးရမယ်။ အခုချက်ချင်းမျိုးစေခပြီးအခုချက်ချင်အသီးစားချင်လို့တော့ဘယ်ဖြစ်မလဲ။ခုရေတွင်းတူး ခုရေကြည်သောက်ချင်ရင်ဖြစ်ပါ့မလား။ ဆုတောင်းခြင်းကလိုချင်တာတစ်ခုထဲတောင်းဖို့မဟုတ်ဘူး။ ဆုတောင်းခြင်းအားဖြင့်ဘုရားနဲ့လည်းပိုနီးကပ်စေဖို့ဖြစ်တယ်။ဆုတောင်းရင်းနဲ့ကိုယ့်ရဲ့ဆုတောင်းချက်တွေဟာလည်း တခါတရံပြောင်းလဲသွားတတ်တယ်။ ငွေကြေးခက်ခဲလို့ပြေလည်အောင်ဆုတောင်းရာကနေတဖြေးဖြေးအခက်အခဲကြားမှာဘုရားကိုယုံကြည်ချက်မပျက်သွားအောင်တောင်း တတ်လာ သလိုမျိုး။ကျန်းမာရေးမကောင်းလို့နေကောင်းအောင်ဆုတောင်းရာကနေတဖြေးဖြေးနာမကျန်းမှုဝေဒနာတွေကိုပူဇော်ခံထမ်းနိုင်ဖို့ ခွန်အားကိုတောင်းတတ်သွားတာမျိုး ပြောင်းလဲသွားပါတယ်။ ယခုခေတ်ဖုန်းအော်ပရေတာတွေမှာဒေတာဝယ်ရင်ဘယ်နံပါတ်၊ဖုန်းဘေဖြည့်ရင်ဘယ်နံပတ်၊အကူညီတောင်းရင်ဘယ်နံပါတ်စသဖြင့် သတ်မှတ်ထားကြတယ်။ ကောင်းကင်နိုင်ငံတော်မှာလည်းဖုန်းအော်ပရေတာတစ်ခုထားဖို့ကောင်းတယ်။ကျေးဇူးတော်လိုရင်ဘယ်နံပါတ်ကို နှိပ်ပါ။ ကျေးဇူးတင်ချင်ရင်ဒီနံပါတ်ကိုနှိပ်ပါ။ ဘုရားကိုအပြစ်တင်ချင်ရင် ဒီ နံပါတ်ကိုခေါ်ဆိုပါ စသဖြင့် သတ်မှတ်လိုက်မယ်ဆိုရင်ဘယ်နံပါတ်ကို အများဆုံးနှိပ်ဖြစ်မလဲ။ကျေးဇူးတင်ဖို့လား။ကျေးဇူးတောင်းဖို့လား။ အပြစ်တင်ညည်းတွားဖို့အတွက်လား။ ဘာပဲဖြစ်ဖြစ်ဆုတောင်းခြင်းနံပါတ်တစ်ခုခုကိုတော့ နှိပ်နေ ဖို့လိုတယ်နော်။ကိုယ်ခေါ်လိုက်တဲ့ ဘုရားသခင်ရဲ့ဖုန်းနံပါတ်ကလိုင်းမအားသေးလို့မကောက်အားရင်လည်းစိတ်ရှည်ရှည်နဲ့ထပ်ခါထပ်ခါခေါ်ပါ။ဘုရားသခင်ရဲ့ဖုန်းကဘယ်တော့မှပိတ်မထားပါဘူး။ miss call တွေ့ရင်တော့ပြန်ထူးလာပါလိမ့်မယ်။ Miss Call လေးတော့ပေးထားပါ။