33rd Week in Ordinary Time, Monday
၂၀၂၃ နိုဝင်ဘာလ (၂၀) ရက်၊ ၃၃ ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့
Luke 18: 35-43 ရှင်လုကာ ၁၈း၃၅-၄၃
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တစ်ဆစ်ချိုး အပြောင်းအလဲ
ဘာတီမေးဦးဆိုတဲ့မျက်မမြင်တစ်ဦးကနှစ်ပေါင်းများစွာ လမ်းဘေးမှာတောင်းစားနေခဲ့ရတယ်။ မျက်မမြင်ဒုက္ခိတမို့ အားကိုးရာမဲ့တဲ့သူ့ဘဝမှာ မျှော်လင့်ခြင်းရောင်ခြည်တစ်ခုကို ဖျက်ခနဲတွေ့လိုက်ရချိန်မှာ ပေးလာတဲ့အခွင့်အရေးကိုအမိအရ အသုံးချခဲ့တယ်။ ဘဝဆိုတာလမ်းပေါ်မှာလျှောက်လှမ်းခြင်းပါလို့ တင်စားကြမယ်ဆိုရင် လမ်းမအပြင်ဖက်မှာငုတ်တုတ်ထိုင်နေရတာကရော ဘဝတစ်ခု မဟုတ်တော့ဘူးလား။ စမ်းတဝါးဝါးနဲ့ မရေရာတဲ့ အမှောင်လမ်းမှာ လျှောက်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာသိချင်ရင် ကိုယ့်မျက် လုံး နှစ်ဖက်ကို မိနစ်ပိုင်းလောက် အဝတ်နဲ့စည်းပြီး လျှောက်သွားကြည့်လိုက်ပါ။ ခလုပ်တိုက်လဲကျမှာကို စိုးထိတ်ရတဲ့ဒုက္ခကိုအရင်ဆုံးခံစားရလိမ့်မယ်။ ဒီဒုက္ခအပြင်သူများအန္တရယ်ပြုမှာကိုမကာကွယ်နိုင်တဲ့ဒုက္ခ၊လူ့ပတ်ဝန်းကျင်မှာ ဒုက္ခိတဆိုပြီး ပယ်ကျဉ် ခံရတဲ့ သိမ်ငယ်စိတ်ကတစ်မျိုး၊အများကြီးပါပဲ။မျက်မမြင်ဒုက္ခိတ သူနဲ့ယေဇူးသခင်မတွေ့ခင်မှာ သူဌေးလူငယ်လေးတစ်ယောက်နဲ့ ကိုယ်တော်က ဆုံခဲ့ဖူးတယ်။ အဲ့ သူဌေးလေးက ကိုယ်တော့်ဆီလာခဲ့တယ်။ ပိုင်ဆိုင်မှုတွေများလွန်းတော့မစွန့်လွှတ်နိုင်တော့တဲ့အဆုံးမှာ ဝမ်းနည်းစွာနဲ့လှည့်ပြန်သွားခဲ့တယ်။ ဘာတီမေဦးအဖြစ်နဲ့တော့တခြားစီ။ အဲ့လူငယ်က ချမ်းသာတာကိုး။ ပိုင်ဆိုင်မှုတွေများတော့ ဆုပ်ကိုင်ထားစရာတွေလည်းများတာပေါ့။ ဘာတီမေဦးမှာတော့ ဆုပ်ကိုင်စရာ ဘုရားမှလွဲ၍ တခြားမရှိပါဘူး။ ပိုင်ဆိုင်မှုလည်း မရှိတော့ မက်မောခြင်းလည်းကင်းတယ်။ ရှိနေတဲ့အဝတ်စကိုတောင်လွှင့်ပစ်ပြီး ဘုရားဆီကိုချဉ်းကပ်သွားခဲ့တယ်။ ရိုးရိုးသွားတာမဟုတ်ဘူး။ပျော်လုံးဆို့ပြီးခုန်ပေါက်ပြီးတော့ကိုသွားခဲ့တာ။စဉ်းစားကြည့်ရင်တွေဆုံမှုတိုင်းက ကြည်းနှုးစရာတော့ မဟုတ်ဘူးနော်။ သူဌေးလေးနဲ့ယေဇူးသခင်ရဲ့ ဆုံတွေ့ခြင်းကဝမ်းနည်းခြင်းနဲ့အဆုံးသတ်ခဲ့ပေမဲ့မျက်မမြင်လေးနဲ့ဆုံတွေ့ခြင်းကတော့ ခေါ်နေတယ်ဆိုတဲ့စကားတစ်ခွန်းကြားရုံနဲပျော်ရွှင်ခြင်းတွေဆိုတာပင်လယ်ကမ်းစပ်ကိုဆောင့်တက်လာတဲ့လှိုင်းလုံးတွေလိုပဲ ဝုန်းခနဲဝုန်းခနဲ။ကိုယ်တော့်ရှေ့မှောက်သူရောက်သွားတော့ ယေဇူးကသူ့ကိုမေးတယ်။“မင်းအတွက်ငါ့ကိုဘာလုပ်ပေးစေချင်လဲ”တဲ့။မျက်မမြင်ပါဘူးဆိုမှဘာလုပ်ပေးစေချင်လဲလို့မေးတာ။မေးတဲ့သူကပဲသူမျက်မမြင်ဘူးဆိုတာကိုမသိချင်ယောင်ဆောင်တာလား။ ဒီမေးခွန်းကိုမေးတာ အကြောင်းတော့ ရှိပါတယ်။ တချို့သူတွေက ကိုယ်တကယ်လိုအပ်နေတာကို မသိဘဲမလိုတာတွေ တောင်းတတ်ကြတယ်။ လိုအပ်တာထက် လိုချင်တာကိုတောင်းတတ်ကြတဲ့ လူ့သဘောကို သိနေတဲ့ကိုယ်တော်က ဘာတီမေးဦးကိုလည်းကိုယ်တိုင်ကိုယ်ကျလိုအပ်တာကိုလျှောက်ထားစေချင်တဲ့သဘောရှိပါတယ်။စောဒကတက်မနေဘဲအလိုအပ်ဆုံးအပြင်းပြဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ စက္ခုအလင်း ကိုသာ ယုံကြည်ခြင်းကြီးစွာနဲ့ နှိမ့်ချရိုးသားစွာ တောင်းခံ လိုက်တယ်။ အံ့သြစရာကောင်း လောက်အောင် ချက်ချင်းပဲ သူ အလင်း ရသွားခဲ့တယ်။ တစ်ချိန်တုန်းက လမ်းဘေးမှာ ချောင်ထိုးခံထားရတဲ့ဘဝကနေ လမ်းမပေါ်မှာ လျှောက်နိုင်အောင် သူ့ကိုဆွဲခေါ်လိုက်တာကတော့ယေဇူးဘုရားပါပဲ။ တောင်းတဲ့နေရာမှာ ဇွဲကြီးပြီးယုံကြည်ခြင်းထက်သန်လွန်းလို့ရလိုက်တဲ့ ဒီဆုလာဘ်ဟာ ဘာနဲ့ အစားထိုးမရတဲ့အလင်းရတနာတစ်ခုပဲ။ လမ်းဘေးမှာထိုင်ရတဲ့အဖြစ်ကနေ လမ်းမပေါ် လျှောက်ရသူအဖြစ်ပြောင်းသွားခဲ့တယ်။အမှန်တော့ဘာတီမေးဦးဆိုတဲ့သူက ခန္ဓာမျက်စိအလင်းကွယ်နေပေမဲ့ ဝိဉာဉ်အလင်း မပျောက်ခဲ့တဲ့ သူလို့ ဆိုရမယ်။ ဒါကြောင့်လည်း သခင်ယေဇူး ဘယ်သူလဲဆိုတာ သူသိနေခဲ့တာ။ ဒါက ပိုအရေးကြီးတယ်။ လူ တော်တော်များများက ခန္ဓာမျက်စိ ကောင်းနေကြပေမဲ့ဝိညာဉ်မျက်စိအလင်းကွယ်နေသူတွေရှိတယ်။ ဘုရားကိုမသိ၊ယုံကြည်ခြင်းမှာအားလျော့နေသူတွေအများကြီးရှိတယ်။ဘုရားကိုမသိမှတော့ဘုရားနောက်လည်းဘယ်လိုလုပ် လိုက်လျှောက်မှာလဲ။ဘာတီမေဦးကတော့အလင်းရတာနဲ့တစ်ပြိုင်နက်သူရှိတဲ့အရာအားလုံးစွန့်ပြီး ကိုယ်တော်နောက်ကို လိုက်လျှောက်ခဲ့ပါတယ်။ဘုရားရဲ့ကရုဏာ၊သနားခြင်းက လူတစ်ယောက်ရဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားစေခဲ့ပါတယ်။“လာပါ ငါ့နောက်လိုက်လျှောက်ပါ”လို့ သူဌေးလူငယ်လေးကိုဖိတ်ခေါ်တုန်းက လူငယ်ကငြင်းခဲ့တယ်။“သွားတော့ မင်းယုံကြည်ခြင်းက မင်းကို ကယ်လိုက်ပြီ”လို့ ပြောပြီး သွားခိုင်းတော့ထွက်မသွားဘဲနောက်လိုက်ဖို့အသင့်ဖြစ်နေခဲ့တယ်။