33rd Week in Ordinary Time, Tuesday (The Presentation of the Blessed Virgin Mary)
၂၀၂၃ နိုဝင်ဘာလ (၂၁) ရက်၊ ၃၃ ကြိမ်မြောက် သာမန်ကာလ အင်္ဂါနေ့
Luke 19: 1-10, ရှင်လုကာ ၁၉း၁-၁၀
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အပ်နှံပူဇော်မြတ်မယ်တော်
ဒီကနေ့ နိုဝင်ဘာလ၂၁ရက်နေ့ဟာ မွန်မြတ်သောကညာမာရိယားအား ဗိမ္မာန်တော်၌ဆက်ကပ်အပ်နှံသောပွဲနေ့ဖြစ်ပါတယ်။ဂျူးလူမျိုးတွေရဲ့ဘာသာရေးထုံးတမ်းအစဉ်အလာမှာ သမီးမိန်းကလေးကို ဗိမ္မာန်တော်မှာပူဇော်တဲ့အကြောင်း ဖော်ပြလေ့မရှိပါဘူး။ ပထမသားဦးတွေကိုသာ ရက်၄၀ပြည့်တဲ့နေ့မှာပူဇော်အပ်နှံလေ့ရှိပါတယ်။ ဒီတော့မယ်တော်သခင်မကို ကျောင်းတော်၌အပ်နှံပူဇော်တဲ့ပွဲက ဘာကြောင့်ကျင်းပတာလဲ။ ဘယ်လိုအဓိပ္ပါယ်ရှိလဲဆိုတာတွေက ထောက်ရှုစဉ်းစားကြရမယ့်အရာတွေဖြစ်ပါတယ်။ ဒီအကြောင်းကိုကျမ်းစာထဲမှာ အတိအလင်းမဖော်ပြထားပါဘူး။ တစ်ခုသိထားဖို့လိုတာက ကက်သလစ်သာသနာတော်ဟာကျမ်းစာတစ်ခုထဲကိုပဲလက်ကိုင်ပြုထားတာ မဟုတ်ပါဘူး။ ကျမ်းစာတော်မြတ်နှင့်အတူထုံးတမ်းအစဉ်အလာဆိုတာကိုလည်းလက်ခံထားပါတယ်။ တချို့အရာတွေက ကျမ်းစာထဲမှာမတွေ့ရပေမဲ့ရှေးဦးဖခင်တွေက လက်ဆင့်ကမ်းပြောစမှတ်ရှိခဲ့တာတွေကိုလည်းတန်ဖိုးထားပြီးကျင့်သုံးကြရမှာဖြစ်ပါတယ်။ဒီနေ့ကျင်းပတဲ့ ယ်တော်ရဲ့ပွဲနေ့ကို အသင်းတော်ကြီးရဲ့ ရှေးထုံးအစဉ်အလာရကြည့်မယ်ဆိုရင် ကညာစင်မာရီယားက ၃ နှစ်သမီးအရွယ်မှာ သူမရဲ့မိဘတွေဖြစ်တဲ့ ရှင်ဂျော့ကင်းနဲ့ ရှင်အာနားတို့က ဗိမ္မာန်တော်ကို ခေါ်ဆောင်လာ ခဲ့ပါတယ်။ ပြီးတော့ရဟန်းအကြီးအကဲရဲ့လက်ထဲမှာထည့်ပြီးကောင်းကြီးမင်္ဂလာခံယူပါတယ်။ဘာဖြစ်လို့ မယ်တော်ကိုဒီလိုအပ်နှံရလဲဆိုတာကတော့သူမရဲ့ မိခင်အာနားက ကလေးမရခင်ကတည်းက ဘုရားရှင်ကို ကတိသစ္စာပြုခဲ့ဖူးတယ်။ သားသမီးရခဲ့ရင် ဘုရားရှင်အတွက်ပူဇော်အပ်နှံပါမယ်ဆိုတဲ့ပြုခဲ့တဲ့ကတိသစ္စာကိုဖြည့်ဆည်လိုက်ခြင်းလည်းဖြစ်တယ်။ ဒီလိုမျိုးမယ်တော်ကိုပူဇော်အပ်နှံလိုက်ခြင်းအားဖြင့်မယ်တော်သခင်မဟာဘုရားသခင်ဆီကနေ တထူးတခြားပြင်ဆင်ပြီး မွေးဖွားခြင်းခံရတဲ့သူတစ်ယောက်ဆိုတာကိုပြန်လည်အမှတ်ရစေပါတယ်။ဘုရားဆီကလာတယ်။ ဘုရားအတွက်ဖြစ်ခဲ့တယ်။ မယ်တော်က သူမရဲ့ ဘဝတစ်ယောက်လုံးကိုငယ်စဉ်ကလေးဘဝကတည်းက ဘုရားရှင်အတွက် သီးခြား ပူဇော်ထားခဲ့ပါတယ်။ ဒါကြောင့် သိကြားမင်းရဲ့အမိန့်တော်ပြန်ခြင်းကို ခံရတဲ့အခါ မတွေဝေနေဘဲသတ္တိရှိစွာခေါင်းငြိမ့်လက်ခံနိုင်ခဲ့ပါတယ်။မယ်တော်သခင်မရဲ့ ဒီပွဲနေ့ကိုကျင်းပခြင်းအားဖြင့်ကျွန်ုပ်တို့တတွေလည်းဘုရားသခင်ကိုပူဇော်အပ်နှံထားကြတယ်ဆိုတာကိုအမှတ်ရကြဖို့လိုတယ်။ ဆေးကြောခြင်းမင်္ဂလာခံတဲ့အခါမှာကျွန်ုပ်တို့ကိုယ်ကိုဘုရားသခင်ထံအပ်နှံပူဇော်တာပဲ။ငယ်စဉ်ကတည်းက ဘုရားသခင်ကိုကြောက်ရွံ့ကြည်ညိုနာခံတတ်ဖို့၊မိမိတို့ဘဝကိုသန့်ရှင်းစွာကျင့်ဆောက်တည်ပြီးလျှောက်လှမ်းကြဖို့ဘုရားကိုပူဇော်ကြတယ်။ ဒါပေမဲ့ကျွန်ုပ်တို့ဟာမယ်တော်လိုမျိုးဘုရားရှင်အတွက်ဝကွက်မပူဇော်နိုင်ကြဘူး။ဘုရားသခင်အတွက် ပြည့်ပြည့်၀၀ အသက်မရှင်နိုင်ကြဘူး။မယ်တော့်လိုမျိုးသန့်ရှင်းဖြူစင်စွာနဲ့လျှောက်လှမ်းဖို့မကြာခဏရှုံးနိမ့်ကြတယ်။ ဒီနေ့ကညာစင်မယ်တော်အားဗိမ္မာန်တော်မှာအပ်နှံတဲ့ပွဲကိုကျင်းပရင်းကျွန်ုပ်တို့ရဲ့ဘဝအသက်တာကို ဘုရားရှင်အားပြန်လည်ပူဇော်ကြပါစို့။