33rd Week in Ordinary Time, Friday.
24.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၂၄) ရက်၊ ၃၃ ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Luke 19: 45-48 - ရှင်လုကာ ၁၉း၄၅-၄၈
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ခန္ဓာဗိမ္မာန်
ဗိမ္မာန်တော်ဆိုတာဘုရားနဲ့လူနဲ့ဆုံဆည်းရာအိမ်တော်၊ဘုရားကျေးဇူးတော်စီးဆင်းရာအရင်းအမြစ်။ဗိမ္မာန်တော်ထဲမှာပဲဘုရားရဲ့တရားကိုနာယူနှလုံးသွင်းကြတယ်။ဘဝအသက်တာတွေပြောင်းလဲကြတယ်။ဒီလိုသန့်ရှင်းမြင့်မြတ်ရာဘုရားရဲ့ဗိမ္မာန်တော်ထဲမှာ လူတွေက ဈေးဝယ်ဖောက်ကားခြင်းတွေပြုနေကြပါတယ်။ဂျူးလူမျိုးတွေအတွက်ဗိမ္မာန်တော်ထဲမှာဝတ်ပြုတဲ့အခါအထူးသဖြင့်ယဇ်ပူဇော်ခြင်းတွေပြုလုပ်ဖို့သိုး၊ဆိတ်၊ချိုးငှက်တိရစ္ဆာန်တွေလိုအပ်တယ်။ဒီအကောင်တွေကိုဝယ်ဖို့ တခြားနေရာမှာရှာရတာသိပ်အဆင်မပြေဘူး။ဗိမ္မာန်တော်အနီးအနားဝန်းကျင်မှာအလွယ်တကူရနိုင်တာမို့ဗိမ္မာန်တော်ကတဖြေးဖြေးဈေးပွဲတော်ကြီးဖြစ်လာခဲ့တယ်။ဒီပူဇော်ရာယဇ်ကောင်တွေဝယ်တဲ့အခါမှာလည်းလူမျိုးခြား ပိုက်ဆံကို သုံးခွင့်မရှိဘူး။လူမျိုးခြားဆိုရင် မသန့်ရှင်းဘူးလို့သတ်မှတ်ကြတဲ့ အစဉ်အလာရှိတယ်။ရောမဒင်္ဂါးပြားတွေဆိုရင်ဆီဆာဘုရင်ရဲ့ခေါင်းနဲ့သွန်းထုကြတာရှိသလို၊နတ်ဘုရားတွေရဲ့ပုံတော်တွေနဲ့သွန်းထုတာလည်းရှိတာမို့ပိုက်ဆံလဲလှယ်ပေးရတဲ့နေရာတွေလည်း ရှိလာရတယ်။ ဈေးရောင်း ဈေးဝယ်သူ၊ပိုက်ဆံလဲလှယ်သူတွေနဲ့ဗိမ္မာန်တော်ကြီးကတလွဲစည်းကားနေပြီးဘုရားနဲ့တွေ့ဆုံဝတ်ပြုခြင်းဆိုတာတစ်စစနဲ့ပျောက်ကွယ်နေပါတယ်။စီးပွားရေးဆန်လွန်းတဲ့ဒီဗိမ္မာန်တော်မှာဆင်းရဲသားတွေဆိုတာ တစ်ဖက်စွန်းက မေ့လျော့ခံလူတန်းစားတွေဖြစ်လာတယ်။အမှန်တော့ဗိမ္မာန်တော်ကဆင်းရဲချမ်းသာရုပ်လတ်မရွေးလူတန်းစားအားလုံးဘုရားဝတ်ပြုနိုင်ရေးအတွက်တည်ဆောက်ထားတာပါ။မတရားမှုတွေ၊အကျင့်ပျက် ခြစားခြင်းတွေ လှိုက်စားနေတဲ့ ဗိမ္မာန်တော်ကြီးက အကျည်းတန်နေပြီဆိုတာကိုဘာသာရေးခေါင်းဆောင်တွေကသတိမမူမိတဲ့အပြင်အားပေးအားမြောက်ပါလုပ်နေကြသေးတယ်။ဗိမ္မာန်တော်မှဈေးပွဲတော်တစ်ဖြစ်လဲပြောင်းသွားခဲ့ခြင်းကသခင်ခရစ်တော်ရဲ့ ဒေါသကိုအလိပ်လိုက်ထွက်စေခြင်းအစပဲ။ဒီဗိမ္မာန်တော်ကိုရှင်းလင်းဖို့သူစခဲ့တော့တယ်။ပိုက်ဆံလဲလှယ်နေတဲ့စားပွဲတွေဆီသွားအကုန်လှန်မှောက်ပစ်တယ်။ဒင်္ဂါးပြားတွေလည်းဟိုတစ်စဒီတစ်စလွင့်စင်ကုန်တယ်။ ဈေးသည် တွေကိုလည်း မောင်းထုတ်ပစ်ကာတိရိစ္ဆာန်တွေကိုလည်း အကုန်လွှတ်ပစ်တယ်။“ငါ့အဖရဲ့ အိမ်တော်သည်ဩဆုတောင်းရာအိမ်တော်။ဒီအိမ်တော်ကိုသူခိုးဓါးပြခိုအောင်းရာနေရာဖြစ်စေကြပြီ”လို့မိန့်မြွက်တော်မူတယ်။ ကျွန်ုပ်တို့တွေဟာလည်း ဘုရားသခင်ကျိန်းအောင်ရာ ဗိမ္မာန်တော်လေးတွေဖြစ်ကြပါတယ်။ဒီဗိမ္မာန်တော်ကိုရောအရိုအသေတန်ဖိုးထားပြီးသန့်ရှင်းအောင်နေကြဖို့မေ့လျော့နေတတ်တယ်။ကျွန်ုပ်တို့ရဲ့ဗိမ္မာန်ထဲမှာဘုရားမရှိဘဲ လောကအရာတွေ နေရာယူလာကြတယ်။မတော်လောဘတွေကြီးစိုးပြီး မောဟတွေဖလှယ်နေကြတယ်။ခိုးဝှက်မှုတွေ၊မစင်ကြယ်မှုတွေ၊အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းတွေ၊အကျင့်ပျက်ခြစားမှုတွေရှိလာတဲ့အခါတစ်ဖန်ပြန်လည်သန့်စင်ဖို့လိုအပ်ပါတယ်။ကိုယ့်အတွင်းက ဗိမ္မာန်တော်ညစ်နွမ်းလို့ မသန့်စင်တော့ဘူးလား။အပြစ်နဲ့ကိလေသာတွေလွှမ်းမိုးလို့အကျည်းတန်နေပြီလား။ဘုရားဗိမ္မာန်တော်တွေဖြစ်တဲ့ဘဝအသက်တာဝိညာဉ်ခန္ဓာတွေကိုသန့်စင်အောင်ပြုရင်းဘုရားသခင်သပ္ပါယ်စွာကိန်းအောင်နိုင်သော ခန္ဓာဗိမ္မာန်တွေအဖြစ်ကြိုးစားတည်ဆောက်ကြပါစို့။