33rd Week in Ordinary Time, Saturday
25.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၂၅) ရက်၊ ၃၃ ကြိမ်မြောက် သာမန်ကာလ စနေနေ့
Luke 20: 27-40 - ရှင်လုကာ ၂၀း၂၇-၄၀
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
နောင်ဘဝဆိုတာရှိခဲ့ရင်
ဂျက်မြသောင်းရဲ့ သီချင်းလေးတစ်ပုဒ် “ဒီဘဝမှာမင်းနဲ့အတူတူ မပေါင်းရပေမဲ့လည်း နောင်ဘဝဆိုတာရှိခဲ့ရင် တောင်းဆုပြုနေမယ်”။ သိပ်ချစ်ကြတဲ့ ချစ်သူတွေပြုလေ့ရှိတဲ့ဆန္ဒတစ်ခုက“ဘဝအဆက်ဆက် ပေါင်းရလိုပါ၏”ဆိုတာပါပဲ။ နာမည်ကြီးသွားတဲ့စကားလေးတစ်ခွန်းရှိတယ်။ “မင်းနဲ့သာဆိုရင်လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေနိဗ္ဗာန်ထိ အတူတူသွားချင်တယ်”ဆိုတာမျိုး။ ချစ်လွန်းလို့ နောင်ဘဝထိတောင် မခွဲနိုင်မခွာနိုင် တောင်းဆုပန်တာတွေ ယုံကြည်တာတွေ ရှိကြတယ်။ ဒီယနေ့ကျမ်းစာထဲမှာ ဇာဒူခေဦးတွေက သခင်ယေဇူးကို မေးခွန်းတစ်ခုမေးတယ်။ ပေးတဲ့ဥပမာက တစ်ခါကလူတစ်ဦးကသားသမီးမထွန်းကားဘဲသေဆုံးသွားခဲ့တယ်။ ကျန်ရစ်ခဲ့တဲ့မိန်းမကိုကျန်တဲ့ညီအစ်ကို(၆) ဦးက ဆက်လက်ထိမ်းမြားယူခဲ့ကြပြီး နောက်ဆုံးညီအစ်ကိုတွေလည်း သေ၊ ထိုမိန်းမလည်း သေ၊ ကောင်းကင်နိုင်ငံမှာ အဲ့ဒီမိန်းမက ဘယ်သူ့ရဲ့ မိန်းမဖြစ်မလဲ ဆိုတဲ့ မေးခွန်း။မေးတဲ့သူတွေက ဇာဒူခေဦးတွေ။သူတို့တွေဟာ မိုးဇယ်ရဲ့ တရားကျမ်း ကမ္ဘာဦး ကျမ်း(၅) စောင်ကိုပဲ လက်ခံယုံကြည်ကြတယ်။ရှင်ပြန်ထမြောက်ခြင်းဆိုတာမရှိဘူးလို့လည်း စွဲမြဲယုံကြည်ထားတယ်။ ကိုယ်မယုံကြည်တဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပရိယာယ်ဆင်ပြီး ခရစ်တော်ထံမှာ ရှင်ပြန်ထမြောက်တဲ့အချိန်မှာ ဖြစ်မယ့်ကိစ္စကိုလာမေးတာနည်းနည်းတော့ကလေးဆန်လွန်းလှတယ်ငယ်ငယ်တုန်းက မိုးရွာတာကို သိကြားမင်းကြီး ရှုးပေါက်ချတာလားလို့ မေးသလို ဉာဏ်တိမ်ကောတဲ့ မေးခွန်းလို့ ဆိုချင်ပါတယ်။ လူ့အတွေးနဲ့ပဲတွေးတယ်။ ဒီလောကမှာ ဖြစ်ပျက်တဲ့အတိုင်း ကောင်းကင်နိုင်ငံတော်ကိုလည်း တိုင်းထွာ သတ်မှတ်ချင်တယ်။လူ့အတွေးကအကန့်အသတ်ရှိတယ်။ဘုရားအတွေးက လိုက်မမှီနိုင်အောင် နက်ရှိုင်းလွန်းလှတယ်။ ဒီလောကမှာ အိမ်ထောင်ပြုသားမွေးသလို ကောင်းကင်နိုင်ငံတော်မှာလည်း အိမ်ထောင်သားမွေးကိစ္စတွေရှိဦးမယ်လို့ ထင် တယ်။ ဒီလောက လူတွေချစ်တဲ့အချစ်က အားနည်းချက်တွေနဲ့။ မပြည့်ဝဘူး။ မသန့်စင်ဘူး။ကိလေသာ အနှောင်အဖွဲ့တွေ ပါတယ်။ အစွဲအလန်းကို ဒီလောကတင်မက ကောင်းကင်ထိပါဆွဲခေါ်ချင်တယ်။ ဘဝအဆက်ဆက် ဒီလူနဲ့ပဲ ပေါင်းချင်နေ ရင် ဘုရားနဲ့ ဘယ်လိုပေါင်းမလဲ။ ကောင်းကင်နိုင်ငံတော်ဆိုတာ ဘုရားနဲ့အတူ ရှိရခြင်းပါ။ လောကလူသားတွေရဲ့ ကန့်သတ်ဘောတွေကို ကျော်ပြီး သိကြားတမန်တွေလိုသန့်ရှင်းမြင့်မြတ်ကာဘုရားနဲ့ ထာဝရ အတူရှင်သန်ရခြင်း ဖြစ်ပါ တယ်။ဒါကြောင့် ဒီလောကမှာ ဖြစ်သမျှအရာကို လောကအမြင်နဲ့ မကြည့်ဘဲ ထာဝရအမြင်နဲ့ မြင်တတ်မယ်ဆိုရင် အရာရာဟာလက်ခံနိုင်စရာကျေနပ်စရာတွေပါ။ ဘာကြောင့် ဒီဒုက္ခတွေခံနေရတာလဲ။မလိုချင်တဲ့စစ်ပွဲတွေဖြစ်နေရတာ လဲ။ အနာရောဂါတွေ ခံစားနေရတာလဲ။ မေးချင်စရာမေးခွန်းတွေမှ အများကြီး။ ဇာဒူခေဦးတွေလို လောကအမြင်နဲ့ပဲ ဘုရားကို မေးခွန်းမထုတ်ဖို့တော့လိုတယ်။ ဒီတော့ ဘုရားအမြင်နဲ့ တရားသဘောနဲ့ မြင်တတ် လက်ခံတတ်အောင် ဘုရားဆီမှာ ကျေးဇူးတော်တောင်းခံရင်း လောကတခဏတာဘဝကို ထာဝရအသက်တာနဲ့ ချိန်းထိုးမြင်တတ်ရှင်သန်တတ်သူများဖြစ်အောင် ကြိုးစားကြရအောင်။ နောင်ဘဝဆိုတာရှိခဲ့ရင် ဒီဘဝလိုတော့ တွေးမထင်လိုက်ပါနဲ့ဦး။