34th Week in Ordinary Time, Monday
27.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၂၇) ရက်၊ ၃၄ ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့
Luke 21:1-4 ရှင်လုကာ ၂၁း၁-၄
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat HninNwe(ISR)
*ရက်ရောသောနှလုံးသား*ဒီကနေ့ဝေမျှပေးချင်တဲ့တရားသြဝါဒလေးကို မပြောခင် ဖာသာရ်ငယ်စဉ်ကလေးဘဝအကြောင်း သတိရမိတာလေးကိုပြန်ပြောပြချင်ပါတယ်။အိမ်မှာကမိသားစု ညီအစ် ကိုမောင်နှမများတော့ တခါတလေဆိုကျောင်းမုန့်ဖိုးမရတာတွေလည်းရှိတယ်။ ဆန်ကိုနို့ဆီဗူး ၂ဗူး ၃ဗူး၊ဆီဆိုလည်း ၂ကျပ်ခွဲသား၊ငါးကျပ်သား ဝယ်သုံးခဲ့ရဖူးတယ်။ကျောင်းမသွားခင်ဈေးပတ်ရောင်းပြီး ပိုက်ဆံရှာရတာမို့ ပိုက်ဆံရဲ့ တန်ဖိုးကိုငယ်ကတည်းကကောင်းကောင်းကြီးသိခဲ့ရ ပါတယ်။ တစ်ကျပ်ဆိုလည်းတစ်ကျပ်၊ တစ်ဆယ်ဆိုလည်း တစ်ဆယ်မရှိတဲ့ မိသားစုအတွက်တကယ်အသုံးဝင်လှပါတယ်။ ဒီကနေ့ဧဝံဂေလိကျမ်းစာထဲမှာဆင်းရဲသားမုဆိုးမတစ်ဦးကအလှူခံသေတ္တာထဲကိုအကြွေစေ့လေး ၂ပြား လာရောက်ထည့်ဝင်ပါတယ်။သူများအတွက်တော့ တစ်ပြား ၂ ပြားဘာမှ မဟုတ်ပေမဲ့ဆင်းရဲသားမုဆိုးမအတွက်တော့ ရှိသမျှအကုန်ပဲ။ကြားဖူးတဲ့စကားလေးရှိပါတယ်။ညောင်ပင်ကြီးလောက်လှူရင်လည်း ညောင်စေ့လေးလောက်ပဲရနိုင်သလိုညောင်စေ့လေးလောက်လှူရင်လည်းညောင်ပင်ကြီးလောက်ရနိုင်ပါတယ်။ လှူဒါန်ခြင်းမှာအနည်းအများကအဓိကမဟုတ်ပါဘူး။ပေးလှူတဲ့စိတ်ဓါတ်အရင်းခံနဲ့ နှလုံးသားကသာ ပဓါနကျပါတယ်။လူတွေရဲ့လှူဒါန်းခြင်းကို ယေဘုယျအား ဖြင့် အုပ်စု ၃ ခုခွဲပြီးပြောလို့ရပါတယ်။ ပထမတစ်စုကလှူတယ်။ ဒါပေမဲ့ ရက်ရက်ရောရောသိပ်ရှိလှတာမဟုတ်။ လှူရင်ကောင်းမလား၊ မလှူရင်ကောင်းမလား ဇဝေဇဝါနဲ့ လှူတာမျိုးဖြစ်ပါတယ်။ လှူပြီးရင်လည်း နောင်တရနေတတ် တယ်။မပေးလိုက်ရင် ကောင်းသားလို့တွေးတတ်တယ်။ ဒုတိယတစ်စုကျတော့ လှူရမယ့်တာဝန်ရှိလို့ မကောင်းတတ်လို့ လှူတာမျိုးပါ။ သူများကဘာပြောမလဲဆိုတာမျိုး တွေးပြီးမျက်နှာရအောင်လှူတာမျိုးပါ။တတိယတစ်စုကျတော့နှလုံးသားနဲ့ ပေးလှူတာဖြစ်တယ်။ရက်ရောမှုပါတယ်။စိတ်သန့်သန့်နဲ့ပေးတယ်။ တခါတလေကျွန်ုပ်တို့မှာ ရှိတဲ့အရာ တွေကို မေတ္တာမပါဘဲ သူများနဲ့ ဝေမျှနိုင်လိမ့်မယ်။ ဒါပေမဲ့သူများနဲ့မဝေမျှဘဲ သူတစ်ပါးကိုမချစ်တတ်ပါဘူး။ဆင်းရဲသားမုဆိုးမထည့်ဝင်လိုက်တဲ့အလှူကနဲနဲလေးဆိုပေမဲ့ သူအတွက်တော့အကုန်ပဲ။နဲနဲလေးပေးရတာ ဘာမှမဖြစ်ပေမဲ့ အများကြီးပေးရပြီဆိုရင် စဉ်းစားတတ်ကြတဲ့ ကျွနု်ပ်တို့တွေအတွက် သူမရဲ့ ဥပမာက အတုယူစရာပါပဲ။ ဘုရားရှင်ကို ယုံကြည်တယ်။ ဘုရားရှင်ကို အမှီပြုပြီးပုံအပ်ထားတတ်တဲ့ ဒီမုဆိုးမကြီး ယုံကြည်ရက်ရောမှုကို ကျွန်ုပ်တို့တွေအားကျအတုယူဖို့ကောင်းပါတယ်။ဘယ်လောက်ပေးလိုက်တယ်ဆိုတာက အရေးမကြီးပါဘူး။ ကိုယ်ပေးလိုက်တဲ့အထဲမှာ ဘယ်လောက်တောင်ချစ်ခြင်းမေတ္တာတွေပါနေလဲဆိုတာက ပိုပြီးအဓိကကျပါတယ်။ဘုရားရှင်က နှလုံးသားကိုပဲကြည့်ပါတယ်။ ဘုရားရှင်ကိုယုံကြည်အားကိုးကြရအောင်။ မေတ္တာတရားနဲ့ ဝေမျှအသက်ရှင်ကြရအောင်။ ဘုရားသခင်က ပျော်ရွှင်ရက်ရောစွာပေးကမ်းတတ်သူကိုချစ်မြတ်နိုးပါတယ်။