#ဖေဖော်ဝါရီလ (၂၈) ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ကမ္ဘာဦးကျမ်း (၂၂း ၁-၂၊ ၉က၊ ၁၀-၁၃၊ ၁၅-၁၈)
#ရောမ (၈း ၃၁-၃၄)
#ဧဝံဂေလိကျမ်း / ရှင်မာကု (၉း ၂-၁၀)
#Rev. Michael Kyaw Swar Naing (MS)
Posted by M Sulatthtwe
အဆင်းသဏ္ဍာန် ပြောင်းလဲတော်မူခြင်း
“ကိုယ်တော်၏ အဝတ်တော်တို့သည် ထွန်းလင်းတောက်ပ၍ အလွန်ဖြူဖွေးလာ၏။” (မာကု ၉း၃)
ဤယနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ထဲ၌ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ဘုရားအဖြစ်တော်ဖြစ်သည့် သခင်ခရစ်တော်၏ ဘုန်းတန်ခိုး အာနုဘော်ကို သူတို့ဘဝမှာ မြင်ကြရတယ်။ (မာတေဦး ၅း၄၈) “ကောင်းကင်ဘုံ၌ရှိသော သင်တို့၏အဖသည် ကောင်းမွန် ပြည့်စုံတော်မူသည့်နည်းတူ သင်တို့သည်လည်း ကောင်းမွန်ပြည့်စုံခြင်း ရှိကြလော့၊” ဆိုသည့်အတိုင်း ဤမြင်ရခြင်း အဖြစ်အပျက်သည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို သာမက၊ ကျွန်ုပ်တို့ကိုလည်း သခင်ခရစ်တော်က သန့်ရှင်းခြင်းအသက်တာကို မြတ်နိုးတွယ်တာရန် သတိပေးနေပါတယ်။ ဝိညာဉ်ရေး စာရေးဆရာ ပြောထားတာကတော့ “သန့်ရှင်းခြင်း အသက်တာကို ကြီးထွားစေရန် နည်းလမ်းကား သခင်ခရစ်တော်ကို အတုယူခြင်း ဘဝအသက်တာ” ပဲဖြစ်ပါတယ်။ (ယောဟန်၁၄း၆) “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။” ဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ခြေရာအတိုင်း လျှောက်လမ်းခြင်း၊ သူ၏ဘဝအသက်တာအတိုင်း နေထိုင်ရန် ကြိုးစားခြင်းနှင့် သူ၏စိတ်နေစိတ်ထားများဖြင့် ကျွန်ုပ်တို့ဘဝကို တုံ့ပြန်ရန်သာဖြစ်သည်။ နောက်တနည်းဆိုရလျှင် သန့်ရှင်းခြင်း အသက်တာသည် သခင်ခရစ်တော်နှင့် နေ့တိုင်း ပိုမိုတူရန် ကြိုးစားခြင်း ဖြစ်ပေသည်။ ဘုရားသခင်၏ သားသမီး ဖြစ်ရခြင်းသည် သခင်ခရစ်တော်၏ အသက်တာ၌ သန့်စင်ခြင်း အသက်တာဖြင့် ပါဝင်ခြင်း မဟုတ်ပါလော။ ပုပ်ရဟန်းမင်းကြီး အဖဖရန်စစ်ကလည်း “သန့်ရှင်ခြင်းအလုပ် ပြုလုပ်ရန် မကြောက်လေနှင့်။ မြင့်မြတ်တဲ့ ပန်းတိုင်ကို ရောက်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် သန့်ရှင်းခြင်းကို ခံယူကြပါ။” ဆိုပြီး သတိပေးထားပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ကျွန်ုပ်တို့ကိုယ်တိုင် သန့်ရှင်းဖို့နှင့် အခြားသောသူများ သန့်ရှင်းလာအောင် ဆုတောင်းကြပါစို့။ သန့်ရှင်းခြင်းသည် ကျွန်ုပ်တို့၏ မျှော်လင့်ချက် ဖြစ်စေပြီး၊ သခင်ခရစ်တော်၏ နောက်လိုက်ပီပီ ချစ်ခြင်းမေတ္တာဖြင့် သန့်ရှင်းခြင်း အသက်တာကို မြတ်နိုးနိုင်ကြပါစေ။
#Rev. Michael Kyaw Swar Naing (MS)