#ဧပြီ (၄)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ပါစကားပွဲနေ့ကြီး (Easter Sunday of the Lord’s Resurrection)
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၂၀း ၁-၉)
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
နံနက်စောစော သင်္ချိုင်းသို့သွားသော မာရိယာမာဒလေးနာသည် သင်္ချိုင်းဂူကို ပိတ်ထားသော ကျောက် ရွှေ့ထားသည်ကို တွေ့သဖြင့် ခရစ်တော်အလောင်းကို သူများခိုးသွားပြီဟု လူ့အတွေးနှင့် တွေးထင်ကာ တပည့်တော်ကြီးများထံ ပြန်လာ အကြောင်းကြားသည်။ တပည့်တော်ကြီး ရှင်ပေတရူးနှင့် ရှင်ယောဟန်က သင်္ချိုင်းသို့ အလျင်အမြန် ပြေးသွားပြီးလျှင် ဂူထဲသို့ ဝင်ကြည့်ကြသည်။ ခရစ်တော်အလောင်းကို မတွေ့ရသဖြင့် မာရိယာမာဒလေးနာ၏ စကားကို ယုံကြသည်။ ခရစ်တော်သေ ခြင်းမှ ထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်ကြီးများ နားမလည်ခဲ့ကြပေ။
ခရစ်တော် နောက်လိုက်တပည့်များသည် သူတို့ရှေ့တွင် မြင်ရသော ခရစ်တော်၏ တန်ခိုးလက္ခဏာများ၊ ခရစ်တော် ဟောသော တရားများကို အားလုံး သဘောပေါက် နားလည်နိုင်ခြင်း မရှိခြင်းမှာ သူတို့ပေါ်သို့ ဝိညာဉ်တော်ဘုရား မဆင်းသက်သေးခြင်းကြောင့် ဖြစ်သည်။ ခရစ်တော်ဘုရား ကောင်းကင်ဘုံသို့ တက်ကြွပြီး ပင်တေကော့စတေဟူသော ဝိညာဉ်တော်ဘုရားကို တပည့်တော်ကြီးများ အပေါ်သို့ စေလွှတ်ပေးသည်။ ဝိညာဉ်တော်ဘုရားကို ခံယူပြီးနောက် တပည့်တော်ကြီးများသည် ခရစ်တော်ကို ရဲရင့်စွာ သက်သေခံကြသည်။
နံနက်စောစော ခရစ်တော်ဘုရား၏ဂူသို့ သွားကြသော မာရိယာ မာဒလေးနာ၊ ရှင်ယောဟန်၊ ရှင်ပေတရု တို့နှင့်အတူ ကျွန်ုပ်တို့အားလုံး ကိုယ်တော်မြတ် မင်္ဂလာတော်တွင်ရှိသော သခင်ခရစ်တော်ကို ရိုသေ လေးမြတ်စွာ ရှိခိုးကိုးကွယ်ကြပါစို့၊ ကြည်ညိုသဒ္ဓါ တရားပွါးကြပါစို့၊ ကျေးဇူးတင်ကြပါစို့၊ ခရစ်တော်ကို ထိတို့ရကြောင်း သက်သေခံကြစို့၊ ကျွန်ုပ်တို့နှင့်အတူ ခရစ်တော် ကိန်းဝပ်နေသည်ကို အံ့သြမဆုံး ဝမ်းမြောက်ကြေညာကြပါစို့။ အာလေလူယာ။ အာလေလူယာ။
#Sister Dominic Ah Paing (Sdp)