ခရစ်တော်၏ ဂူသင်္ချိုင်းတွင် သိကြားတမန်ကို ဖူးတွေ့ရသော အမျိုးသမီးများသည် ကြောက်ရွံ့ခြင်း၊ ဝမ်းမြောက်ခြင်းဖြင့် သင်္ချိုင်းမှ ပြန်ထွက်လာစဉ် ခရစ်တော်က သူတို့အား လမ်းတွင် ကြိုဆိုလျှက် သင်တို့အား မင်္ဂလာရှိစေသတည်း ဟု နှုတ်ဆက်လေ၏။ ယုံကြည်ခြင်း ကြီးမားသော သူတို့သည် မင်္ဂလာခံထိုက်သည်။ အီစတာပွဲတော်ကြီးကာလ မပြီးသေးသဖြင့် ဘုရားကျောင်း၏ ရှေ့ နဖူးစည်းတွင်.. ယေဇူးရှင်ပြန်တော်မူပြီ.. အာလေလူးယား.. ဟူသော ရွှေရောင်စာသားကို သေသပ်ခံ့ညားစွာ တွေ့ရသည်။
ရှင်ပြန်ထမြောက်သော ခရစ်တော်၏ ပန်းချီပုံကားချပ်သည်လည်း အသက်ဝင်လှသည်။ ယုံကြည်သူများအဖို့ ဆုတောင်းခြင်းကိုပို၍ အာရုံစူးစိုက်စေပါသည်။ သို့သော် မိတ်ဆွေတစ်ဦး၏ လက်ထပ်ပွဲကြောင့် ဘုရားကျောင်း ရောက်လာသော ဘာသာခြား ရှမ်းအမျိုးသမီးတစ်ဦးက ခရစ်တော်ပုံကို စူးစိုက်ကြည့်ပြီး စာသားကိုလည်း ဖတ်ပြီးနောက်(ပင်ဖီ) ဟု အသိတစ်ယောက်အား လက်တို့ပြောသည်။ အဓိပ္ပါယ်မှာ.. သရဲ..ဖြစ်သည်။
ခရစ်တော်ဘုရားသည် သူ့အား ယုံကြည်သူ၊ မယုံကြည်သူ အားလုံးကို ချစ်သည်။ မယုံကြည်သူက.. သရဲ.. ဟုပြောလည်း ခရစ်တော် စိတ်ဆိုးမည် မဟုတ်ပါ။ သူချစ်သော တပည့်တော်ကြီးများပင်လျှင် ယုံကြည်ခြင်း အားနည်းသောအခါ စိုးရိမ်ကြောက်ရွံ့ခြင်း များသောအခါ ခရစ်တော်ကိုမြင်လျှင် သရဲမြင်သည်ဟု ပြောကြသည်။ သေခြင်းကိုအောင်နိူင်သော ယေဇူးဘုရား၊ ကိုယ်တော်အား သက်ဝင်ယုံကြည်သော ကျွန်ုပ်တို့အား နောက်ဆုံးနေ့ ထမြောက်သောခါ ကိုယ်တော်၏ ရွှေမျက်နှာ တော်ကို ဖူးတွေ့ခွင့်ရလိုပါ၏သခင်ဘုရား။ ကိုယ်တော်၏ နိူင်ငံတော်တွင် ကျွန်ုပ်တို့ကို သတိယတော်မူပါ သခင်ဘုရား အာမင်။
#Sister Dominic Ah Paing (Sdp)