#ဧပြီလ (၆)ရက် / အင်္ဂါနေ့ ၂၀၂၁
#အီစတာကာလပထမပတ်အင်္ဂါနေ့
#ဧဝံဂလိကျမ်း / ရှင်ယောဟန် (၂၀း ၁၁-၁၈) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
ခရစ်တော်ဘုရား၏ ဂူသင်္ချိုင်းတွင် ပူဆွေး၊ ငိုကြွေးနေသော အမျိုးသမီးသည် အတိတ်ဘ၀တစ်ချိန်က အများသူငှါနှာခေါင်းရှုံ့၊ နှုတ်ခမ်းမဲ့နှင့် အပြစ်သည်ဟု အထင်သေးခံရသော ကချေသည်မ ဖြစ်သည်။ သူမဘ၀ ၀မ်းရေးပြည့်ရန် မိမိအလှအပနှင့် လူကိုဆွဲဆောင်နိူင်ခြင်းသည် ကြီးမားသော လက်နက်တစ်ခုဟု သူမကျေနပ်ခဲ့သည်။
အများက ဝိုင်းပယ်ပြီး ကျောက်ခဲနှင့် ပေါက်သတ်မည့်ဆဲဆဲ အချိန်ရောက်ပြီး သူမအလှကို ယစ်မူးခဲ့သောပုဂ္ဂိုလ်များ ခေါင်းရှောင်ကြကုန်ပြီ။ အပြစ်ပေးရန် ခရစ်တော်ထံ တွန်းပို့ခံရသည်။ အပြစ်သားများကို ချစ်သောခရစ်တော်၊ အပြစ်ကို မချည်နှောင်တတ်သော ခရစ်တော်က (ငါလည်း သင့်ကိုမစီရင်ဘူး၊ နောက်နောင် အပြစ်မလုပ်နဲ့) ဟု သိမ်မွေ့ စွာ ခွင့်လွှတ်သော ခရစ်တော်ဘုရားကြောင့် သူမဘ၀ ကြီးမားသော ပြောင်းလည်းခြင်း ဖြစ်သွားသည်။
ဆရာသခင်ကို သူမသက်ဆုံးတိုင် ကျေးဇူးဆပ်သည်။ သက်ဆုံးတိုင် သစ္စာရှိသည်။ ငိုကြွေးလျက် သခင့်ကိုရှာသည်။ ကျွန်မသခင်ကို ယူသွားကြပြီး အဘယ်မှာ ထားသည်ကို မသိပါဟု ပူဆွေးစွာ သိကြားတမန်များအား ပြောသည်။ သခင်ဘုရားကို ဥယျာဉ်စောင့် ထင်သဖြင့် သင်သည် သူ့အား ယူသွားသည်မှန်လျှင် အဘယ်မှာ ထားသည်ကို ကျွန်မအား ပြောပါ၊ ကျွန်မပြန်ယူပါမည်ဟု သူမငိုကြွေးလျက် ပြောသည်။ သခင်ဘုရားကလည်း သူမ၏ယုံကြည်ခြင်း ကြီးမားသည်ကို မြင်သဖြင့် သူမအား အကောင်းဆုံး တမန်တော်အဖြစ် အသုံးပြုလေတော့သည်။
အခုမျက်မှောက် ခေတ်ကာလမှာ ခရစ်တော်ဘုရားကို ဝေးဝေးရှာရန် မလိုတော့ပေ။ ရှင်ပြန်ပြီးသော ခရစ်တော်သည် ကျွန်ုပ်တို့နှင့် အမြဲရှိနေသည်။ ကျွန်ုပ်တို့ ၏ ကိုယ်ခန္ဓာသည် ဘုရားကိန်းဝပ်ရာ ဗိမာန်တော် ဖြစ်သဖြင့် မိမိကိုယ်ကို လေးမြတ်ကြပါစို့။ ရှင်ပြန်သောအစုတွင် ပါဝင်ရမည်ကို သတိယလျှက် ကိုယ်၊စိတ်၊ဝိညာဉ်သုံးပါး သန့်ရှင်းစွာ နေကြပါစို့။
#Sister Dominic Ah Paing (Sdp)