#ဧပြီလ (၇)ရက်နေ့ / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#အီစတာကာလပထမပတ် ဗုဒ္ဓဟူးနေ့
#ဧဝံဂေလိကျမ်း / ရှင်လုကား (၂၄း ၁၃-၃၅)
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
ထိုသူသည် အစ္စရာအဲလ်အမျိုးကို ရွေးနှုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့အထက်က မျှော်လင့်ပြီ (ရှင်လုကာ ၂၄း၂၁)။ ခရစ်တော်ဘုရား သေဆုံးပြီးနောက် တပည့်တော်ကြီးများက အာဏာပိုင်များကို ကြောက်ရွံ့နေရသည်။ တပည့်နှစ်ဦးက ဂျေရုဆလင်မြို့ နှင့် ခုနှစ်မိုင်ဝေးသော ဧမာဦးရွာသို့ ခရီးသွားကြသည်။ လမ်းခရီးတွင် စိတ်ပျက်လျက်၊ မျက်နှာညှိုးလျက်၊ အဖြစ်အပျက်ကို ပြောနေကြသော တပည့်နှစ်ဦးထံ ခရစ်တော် ချဉ်းကပ်ပြီး သင်တို့ မျက်နှာညှိုးလျက် အဘယ်အကြောင်းအရာကို ဆွေးနွေးကြသနည်း ဟု မေးသဖြင့် သူတို့ ရပ်တန့်သွားသည်။ ထို့နောက် ကလေအိုဖဆိုသူက နာဇရက်မြို့သား ယေဇူးအကြောင်းကို ပြောနေပါသည်။ သင်တစ်ဦးတည်းသာ ဧည့်သည်ဖြစ်လျက် ဂျေရုဆလင်တွင် ဖြစ်ပျက်သမျှကို မသိသလော၊ ဘုရားရှေ့၊ လူရှေ့၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်သော ထိုသူကို ယဇ်ပရောဟိတ် အကြီးအကဲနှင့် မင်းများသည် လက်ဝါးကပ်တိုင်တွင် ကွပ်မျက်ကြပြီ ဟုပြောသည်။
ခရစ်တော်က တပည့်နှစ်ဦးအား မိမိအကြာင်းနှင့် ပတ်သက်ပြီး မိုးဇက်ကျမ်း၊ ပရောဖက်ကျမ်း၌ ကိုယ်တော်သည် အသေခံပြီးလျှင် မိမိဘုန်းစည်းစိမ်ကို ဝင်စားရမည့်အကြောင်း ကျမ်းစာအချက်၊ အနက်ကိုရှင်းလင်းစွာ ဖေါ်ပြပေးတော်မူသည်။ ရွာသို့ရောက်သော် ခရစ်တော်သည် သူတို့ရှေ့တွင် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် မုန့်ဖဲ့ပြီး သူတို့အားကျွေးသောအခါ သူတို့မျက်စိသည် ပွင့်လာသဖြင့် ခရစ်တော်ဖြစ်သည်ကို သိလာကြသည်။
အများကခရစ်တော်အား အစ္စရာအဲလ်လူမျိုးကို ကယ်တင်မည့် လောက၏ဘုရင်အဖြစ် ထင်မှတ်ကြသည်။ တပည့်တော်များပင်လျှင် ထိုသူများနည်းတူ ထင်ကြသည်။ သို့သော် ခရစ်တော်ဘုရားမူကား မသေနိူင်သော ကျွန်ုပ်တို့ ဝိညာဉ်၏ဘုရင် ဖြစ်သည်။ ကောင်းကင်ဘုံသား ဖြစ်သောကြောင့် ကောင်းကင်ရောက်သော ဝိညာဉ်အားလုံး၏ဘုရင် ဖြစ်သည်။ လူသား အားနည်းခြင်းဖြင့် ကိုယ်တော်အား ပြစ်မှားမိသည်ကို ဝန်ခံပါ၏။ ကျွန်ုပ်တို့အား ကယ်မတော်မူပါ အရှင်ဘုရား။ အာမင်။
#Sister Dominic Ah Paing (Sdp)