#ဧပြီလ (၉)ရက်နေ့ / သောကြာနေ့ ၂၀၂၁
#အီစတာကာလပထမပတ်သောကြာနေ့
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၂၁း ၁-၁၄) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
နံနက်ရောက်သောအခါ ယေဇူးသည် ကမ်းစပ်တွင် ရပ်လျက်နေ၏။ သို့သော် တပည့်တော်တို့သည် မသိကြ။ (ရှင်ယောဟန် ၂၁း၄)
တံငါသည်ဟု လူသိများသော တပည့်တော်များကို သခင်ဘုရား မရှိသည့်နောက် အနီးကပ် စောင့်ရှောက်သူမှာ မယ်တော်မာရိယား ဖြစ်သည်။ ရှင်ပေတရုက မိမိကျင်လည်ခဲ့သော ငါးဖမ်းအလုပ်ကို သတိယသဖြင့် ကျွန်ုပ်ငါးဖမ်းသွားမည်ဟု ပြောသောအခါ အဖေါ်တစ်ချို့က ကျွန်ုပ်တို့လည်း လိုက်မည်ဟုဆိုကာ တိဘေးရိယအိုင်သို့ သွားကြ၏။
မိမိထက် အသက်အရွယ်ကြီးသော တပည့်တော်များကို ခရစ်တော်က -ချစ်သားတို့ စားစရာအဖို့ ငါးဖမ်းမိကြပြီလော- ဟုဆိုသည်။ သို့သော် တပည့်တော်များက သခင်ဖြစ်သည်ကို မသိကြ။ တစ်ချို့ညီအစ်ကိုတွေက -လောကမှာ ဘယ်သူ့ကိုမှ Father လို့ မခေါ်ရဘူး- ဟုသွန်သင်ပါသည်။ သို့သော် နိူင်ငံတိုင်း၊ မြို့ရွာတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်ရှိသည်ကို သတိမထားမိခြင်း ဖြစ်ပေမည်။ နိူင်ငံ့ခေါင်းဆောင်များကိုလည်း အမေ၊ သခင်ဟု အများက ခေါ်တတ်ကြပါသည်။ ကက်သလစ်ခရစ်ယာန်၏ ရဟန်းများကို Father ဟုခေါ်ခြင်းသည် ဝိညာဉ်ရေး၏ နက်ရှိုင်းသော၊ သမ္မာကျမ်းစာကို အခြေခံသော၊ ဆွေမျိုးတော်စပ်ခြင်းကို ဖေါ် ပြခြင်းဖြစ်သည်။
တစ်ညလုံး ငါးဖမ်းသော်လည်း ငါးမရသဖြင့် စိတ်ပမ်း၊ ကိုယ်ပမ်း နေကြသော တပည့်များထံ ခရစ်တော် ကိုယ်ထင်ရှားပြပြီး လှေ၏လက်ယာဘက်မှာ ပိုက်ချခိုင်းသည်။ မိန့်တော်မူသည့်အတိုင်း ပိုက်ချသောအခါ ငါးကြီး ၁၅၃ ကောင်အုပ်မိသဖြင့် ယေဇူးချစ်သောတပည့်က သခင်ဖြစ်သည်ကို ဦးစွာမှတ်မိသည်။ ခေါင်းဆောင်ဖြစ်သူသည် အစေခံတတ်ရမည်၊ ချစ်တတ်ရမည်ကို သေခြင်းမှ ရှင်ပြန်ထမြောက်သော ခရစ်တော်က ကျွန်ုပ်တို့အား ထပ်မံပြီး လက်တွေ့သင်ကြားပေးပါသည်။ တိဘေးရိယအိုင်တွင် ငါးဖမ်းနေသော တပည့်တော်များအတွက် ကမ်းစပ်တွင် ပေါင်မုန့်နှင့်ငါးကင် ပြင်ဆင်ထားပေးတော်မူခဲ့သည်။
#Sister Dominic Ah Paing (Sdp)