Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-07 20:30:59
#5th November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (လုကား ၁၅း ၁-၁၀)
#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)
#Posted by M. Su Latt Htwe
ယနေ့ ထောက်ရှုရမည့် သမ္မာကျမ်းစာတော်မြတ်သည် သံလုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၅ ရှိ ဥပမာပုံပြင် (၃) ခုဖြစ်သော ပျောက်သောသိုးပုံဥပမာ၊ ပျောက်သော ငွေအင်္ဂါးပြားပုံဥပမာ၊ ပျောက်သောသသား ပုံဥပမာဖြင့် ထာဝရဘုရားရှင်၏ သနားခြင်းဂရုဏာတော်ကို ခရစ်တော်သခင်မှ ဖော်ပြပေးသော ကျမ်းပိုဒ်ဖြစ်ပါသည်။
သံလုကာ ၁၅း ၁-၃ "ထိုအချိန်တွင် အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာရန် အထံတော်သို့ ချဉ်းကပ်လာကြ၏။ ထိုအခါ ဖာရီဇေဦးတို့နှင့် ကျမ်းတတ်ဆရာတို့က ဤသူသည် အပြစ်ရှိသော သူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားသောက်ပါသည်တကားဟု ပြစ်တင်ပြောဆိုကြ၏။" သခင်ခရစ်တော် လူ့အဖြစ်ယူ၍ အသက်ရှင်စဉ် ကာလကတည်းက ကိုယ်တော်ကိုရှာ၊ ချဉ်းကပ်၊ နှုတ်ကပါတ်တရားတော်ကို နာယူလိုသည့် အပြစ်သားများ၊ အခွန်ခံသူများနှင့် ကိုယ်တော်၏တရားတော်၊ ကိုယ်တော်၏ အပြုအမူမှန်သမျှကို ကဲ့ရဲဝေဖန်ခဲ့ကြသည့် ဖာရီဇေဦး၊ ကျမ်းတတ်ပုဂ္ဂိုလ်များ ရှိခဲ့သည်ကို တွေ့မြင်နိုင်သကဲ့သို့ ယခု 21 ရာစု အတွင်း၌လည်း ခရစ်တော်၏တရားတော်ကို ကြားနာ၍ ကိုယ်ကျင့်တရား၊ ပြောင်းလဲသွားကြသူများ ရှိသကဲ့သို့ ခရစ်တော် တည်ထောင်ထားတော်မူခဲ့သော အမိကက်သလစ် အသင်းတော်ကြီးနှင့် ခရစ်တော် ကိုယ်စားပြု ပုပ်ရဟန်းမင်းကြီးနှင့်တစ်ကွ သိုးထိန်းတော်များအား အမြဲဝေဖန်တိုက်ခိုက်ကြသည့် ဖာရီဇေဦး၊ ကျမ်းတတ်ပုဂ္ဂိုလ်များ ကဲ့သို့သော လူများလည်းရှိပါသည်။
မိမိကိုယ်ကို ပြန်လည်ဆန်းစစ်မည်ဆိုလျှင် ကျွန်တော်/ကျွန်မသည် ခရစ်တော်ထံသို့ ချဉ်းကပ်၍ အပြစ်သားကဲ့သို့ ခံယူပြီး ပြောင်းလဲလိုသည့် ခရစ်တော် နောက်လိုက် ဖြစ်ပါ၏လော၊ သို့တည်းမဟုတ် ခရစ်တော် တည်ထောင်ထားတော်မူသော အမိအသင်းတော်နှင့် သံပေထရူး၏ အရိုက်အရာကို ဆက်ခံသော ပုပ်ရဟန်းမင်းကြီးနှင့်တစ်ကွ သိုးထိန်းတော်များ၏ သွန်သင်ပြုမူမှုများကို ဝေဖန်တိုက်ခိုက်သောသူ ဖြစ်နေပါ၏လော။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့်သာလျှင် ကျမ်းစာထဲရှိ အပြစ်သားများကဲ့သို့ ပြောင်းလဲနိုင်မည့် အခွင့်အရေး အခြေအနေကို ရရှိပြီး ကယ်တင်ခြင်း ကျေးဇူးတော်မြတ်ကို ဘဝအသက်တာ၌ ခံစားရပေမည်၊ အကြောင်းမူကား ခရစ်တော်သခင်သည် "ဖြောင့်မတ်သော သူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကို ခေါ်ရန်သာ ငါလာသည်ဟု မိန့်တော်မူ၏" (သံမာတေဦး ၉း ၁၃ခ)
သံလုကား ၁၅း ၃-၇ ဤကျမ်းပိုဒ်ရှိ ပျောက်သောသိုး ပုံဥပမာနှင့် ပျောက်သော ငွေအင်္ဂါပြား ပုံဥပမာ နှစ်ခုစလုံးအား ထောက်ရှု စဉ်းစားလျှင် ပုံဥပမာနှစ်ခုစလုံး၌ ခရစ်တော်ရှင်သည် ထာဝရဘုရားရှင်၏ သားသမီး တစ်ဦးစီအပေါ်၌ ထားရှိသော ဂရုဏာ၊ မေတ္တာ၊ စိတ်နေသဘောထားကို ဖော်ပြပေးနေပါသည်။ သားသမီး တစ်ဦးစီတိုင်း၏ အသက်၊ ဝိညာဉ်၊ ခန္ဓာသည် ကိုယ်တော်ရှင်၏ မျက်မှောက်တော်၌ အလွန်တန်ဖိုး ကြီးလှပေသည်။ မည်သည့်နည်းနှင့်မျှ ပျောက်ဆုံး ပျက်စီးခြင်းကို လက်မခံပေ။ ကိုယ်တော်၏ တစ်ပါးတည်းသော သားတော်၏အသွေးတော်နှင့် ဝယ်ယူခြင်းခံခဲ့ရသော ကျွန်ုပ်တို့အား ကိုယ်တော်ရှင်သည် အမြဲမပြတ် ကိုယ်နှင့်မကွာ ကာကွယ်စောင့်လျှောက်လျက် ရှိသည်ကို ဓမ္မဟောင်းကျမ်း ပရောဖက်ယေဇကျေလ အခန်းကြီး ၃၄း ၁၅-၁၆ တွင် ထောက်ရှုနိုင်ပါသည်။ "ငါသည်ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ယာကိုလည်း ငါပေးမည်။ပျောက်သောသိုးများကို ငါရှာမည်။ သူတစ်ပါးနှင်သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကို မစမည်။ဆူဖြိုး၍ အားရှိသော သိုးကိုကား တရားအတိုင်း ကျွေးမွေးမည်။"
ပုံပြင်ဥပမာ နှစ်ခုစလုံး၌ ပျောက်ဆုံးသည့် အရာများကို ပြန်လည်တွေ့ရှိချိန်၌ မိတ်ဆွေများ အိမ်နီးချင်းများကို ဖိတ်ခေါ်ရင်း ဝမ်းမြောက် ပျော်ရွှင်စွာ ပွဲကျင်းပကြသည်ကို ထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့၏ အသင်းတော်၊ ကျွန်ုပ်တို့၏ သာသနာနယ်များ၌ သိုးခြံထဲသို့ ပြန်လည်ရောက်ရှိလာသော ညီအစ်ကို၊ မောင်နှမများအား သနားခြင်းဂရုဏာဖြင့် ဝမ်းမြောက်စွာ ပြန်လည်လက်ခံ ပွဲကျင်းပကြရပေမည်။ ကျွန်ုပ်တို့ ကိုယ်တိုင်လည်း နောင်တသံဝေဂအားဖြင့် အပြစ်များအတွက် အာပတ်ဖြေခြင်း စက္ကရမင်မင်္ဂလာမြတ်၌ ကိုယ်တော်ရှင်၏ သနားဂရုဏာကို ခံယူရရှိပြီးသည့် အချိန်တိုင်း ကိုယ်တော်ရှင်နှင့်အတူ စိတ်နှလုံး ဝမ်းမြောက်ခြင်း ကျေးဇူးကို ခံစားရပါသည်။
ဆုတောင်းမေတ္တာ :
"သားသမီးတစ်ဦးစီအပေါ်၌ ထားရှိတော်မူသော ကိုယ်တော်၏ သနားဂရုဏာမေတ္တာတော်သည် ကြီးမြတ်လှပေသည်။ သားသမီးတို့၏ နေ့စဉ်ဘ၀အသက်တာ၌ ကာကွယ်စောင့်ရှောက် ပေးသကဲ့သို့ သားသမီးတို့သည် အားနည်းချက်များကြောင့် အပြစ်ထဲသို့ကျရောက်၍ ကိုယ်တော်နှင့် ဝေးကွာနေသည့် အချိန်များ၌ပင်လျှင် သားသမီးတို့အား ပြန်လည်ရှာဖွေ၍ ကိုယ်တော်၏ နှလုံးသားထဲသို့ ပြန်လည် ခေါ်ဆောင်ခဲ့ပေသည်။ သို့ဖြစ်၍ ကိုယ်တော်၌ မည်သည်အရာမျှ ကျရှုံးခြင်းမရှိ၊ အားလုံးသောအရာသည် ချစ်ခြင်းမေတ္တာ၌ ခွင့်လွှတ်ခြင်းအားဖြင့် စစ်မှန်သော ပျော်ရွှင်ခြင်းကို ခံစားနိုင်စေသည့်အတွက် မေတ္တာ ဂရုဏာတော်ရှင် ထာ၀ရဘုရားသခင်၏ နာမတော်အား ကမ္ဘာဆက်ဆက် ချီးမွမ်းထောပနာ ရှိပါစေသော် " အာမင်။
ခရစ်တော်၏အသွေးတော်၌
#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)
Daily Reflection