#ဧပြီလ (၁၂)ရက်နေ့ / တနင်္လာနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၃း ၁-၈)
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
ယုံကြည်ခြင်းသည် ယုံကြည်သူများအဖို့ ဘုရားပေးသော လက်ဆောင်သက်သက် ဖြစ် သည်။ သို့သော် လူသားတိုင်း၏ လွတ်လပ်ခြင်းကိုမူ ဘုရားကိုယ်တိုင်က တန်ဘိုးထားသည်။ ဂျူးလူမျိုးတို့ကို အုပ်ချုပ်ရသော ဖါရီဇေးဦး နီကိုဒေမုသည် ညအချိန်တွင် ကိုယ်တော်ထံသို့လာ၍ -ရာဘီ ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော ဆရာသခင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိပါ၏။ ကိုယ်တော်ပြုသော တန်ခိုးသည် ဘုရားသခင်နှင့်အတူ မရှိလျှင် မည်သူမျှ မပြုနိူင်ပါ- ဟု ကိုယ်တော်အား လျှောက်သော် ခရစ်တော်က သင့်အား ငါအမှန်ဆိုသည်ကား -အသစ်မွေးဖွားခြင်း မခံရသောသူ မည်သူမျှ ဘုရားနိူင်ငံတော်ကို မမြင်ရ- ဟု မိန့်တော်မူသောအခါ နီကိုဒေမုက -အမိဝမ်းထဲ နောက်တစ်ကြိမ် ပြန်ဝင်၍ မွေးဖွါးခြင်း ခံနိူင်မည်လော- ဟု သခင်ဘုရားအား မေးလျှောက်၏။ (ရှင်ယောဟန် ၃း ၃-၄)
အမှန်တရားအတွက် အလင်းရှင်ဖြစ်သော ခရစ်တော်ကို များစွာသော ဖါရီဇေဦးတွေက တိုက်ခိုက် အပြစ်ရှာသော်လည်း ခရစ်တော်၏ တရားကို မထင်မရှား သက်ဝင်ယုံကြည်သော ဖါရီဇေဦး တစ်ချို့ရှိသည်။ ခမည်းတော်ဘုရားထံမှ ကြားရသိရသမျှကို လူသားများအား ခရစ်တော်က သွန်သင်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် အမြဲစည်းလုံးသည်။ တစ်ချို့ညီအစ်ကိုတွေက ခမည်းတော် ဘုရားခေတ် ပြီးသွားပြီ၊ သားတော် ဘုရားခေတ် ပြီးသွားပြီ၊ အခုသန့်ရှင်းသော ဝိညာဉ်တော် ဘုရားခေတ် ဖြစ်တယ် အာလေလူယာဟု သွန်သင်ပါသည်။ အမိအသင်းတော်မူကား ပုဂ္ဂိုလ်သုံးပါး အမြဲစည်းလုံးသည်ဟု သွန်သင်သည်။
အမိကက်သလစ် အသင်းတော်တွင် ကြီးပြင်းလာသော ကျွန်ုပ်တို့အားလုံး အလွန်ထူးခြားသော အခွင့်အရေးကို အသင်းတော် ဖခင်ကြီးများက အမြော်အမြင်ကြီးစွာဖြင့် နုနယ်သေးသော ကလေးဘဝကတည်းက ဆေးကြောခြင်း ဟူသော ဒုတိယမွေးခြင်းကို ခံယူရန် သတ်မှတ်ထားပေးခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား၏ နာမတော်၌ ကျွန်ုပ်တို့ ဆေးကြောခြင်း ခံယူကြသည်။ ငယ်ရွယ်စဉ်ကတည်းက ကျွန်ုပ်တို့အား ဘုရားသားသမီး ဖြစ်စေသော မိဘနှစ်ပါးနှင့်ရဟန်း၊ ကျွန်ုပ်တို့ကိုယ်စား ဘုရားရှေ့သစ္စာ ဆိုပေးသော ခေါင်းကိုင်မိဘများကို ကျေးဇူးတင်ကြပါစို့။ သူတို့အတွက် ဆုတောင်းပေးကြပါစို့။
#Sister Dominic Ah Paing (Sdp)