များစွာသောသူတို့သည် နာမကျန်း ဖြစ်သူတို့အပေါ်၌ ကိုယ်တော် ပြတော်မူသော အံ့ဘွယ်တန်ခိုး လက္ခဏာများကို တွေ့ရသဖြင့် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြ၏။ (ယော- ၆း ၂)
တန်ခိုးပြသည်၊ အံ့ဘွယ်ရာ လုပ်သည်ဟုကြားလျှင် လူတိုင်းက စိတ်ဝင်စားကြသည်။ ရွာတစ်ရွာတွင် အကြောင်းတစ်ခုကြောင့် မျက်လှည့်ဆရာတစ်ဦး ရောက်လာပါသည်။ မျက်လှည့်ပြရန် လာခြင်းမဟုတ် ပါ။ သို့သော် မျက်လှည့်ဆရာဟု သိရသည်နှင့် ခလေး၊ လူကြီးများက ဝိုင်းအုံလာကြသည်။
ဘာအထူးအဆန်း ပြမလဲ ကြည့်ချင်ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ရွာတစ်ရွာတွင် ခရစ်တော် ထင်ရှားပြသည်ဟု သတင်းပျံ့သဖြင့် ယုံကြည်သူ၊ မယုံကြည်သူ ခရီးဝေးမှ တဖွဲဖွဲ ရောက်လာကြသည်ကို အံ့သြစွာ တွေ့ရသည်။
၅ထောင်ကျော်သော လူအုပ်ကြီးက အစာမေ့၊ ရေမေ့ ခရစ်တော် နောက်လိုက်ကြခြင်း၏ အကြောင်းရင်းမှာ ခရစ်တော် တန်ခိုးပြခြင်းကို တွေ့မြင်ရသောကြောင့် ဖြစ်သည်။ ခရစ်တော်က လူအုပ်ကြီးကို ဂရုဏာသက်ပြီး ဤလူအုပ်ကြီးအတွက် မည်သို့စီစဉ်ရမည်ကို ကိုယ်တော်သိသော်လည်း ချစ်သောတပည့် ဖိလစ်ပုအား ယုံကြည်ခြင်း စုံစမ်းလိုသဖြင့် ဤလူအုပ်ကြီးအတွက် စားစရာမုန့်ကို အဘယ်မှာ ရနိူင်မည်နည်းဟုမေးသော် ဖိလစ်ပုက (မုန့်တစ်ဖဲ့စီ စေ့ငှအောင် ဒေနာရီအပြား ၂၀၀ဖိုး ဝယ်လျှင်ပင် လောက်မည်မဟုတ်) ဟုပြန်ဖြေ၏။ ခရစ်တော်မူကား မုန့်၅လုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် လူ၅ထောင်ကျော်အား ဝေငှပြီးနောက် အကြွင်းအကျန်ကို ပြန်စုသိမ်းရာ ၁၂တောင်း စုသိမ်းရပါသည်။
အထက်ပါအဖြစ်အပျက် အချင်းအရာသည် လွန်ခဲ့သောနှစ် နှစ်ထောင်ကျော်က အဖြစ်အပျက် ဖြစ်သည်။ တန်ခိုးကြီးသော ခရစ်တော်၏ တရားတော်ကို လက်ခံသော ကျွန်ုပ်တို့တစ်ဦးစီ၌ ခရစ်တော် တည်ရှိနေသည်။ ဆုတစ်ခုခု လိုအပ်သောအခါမှသာ ဘုရားကို သတိရပြီး တန်ခိုးပြတော်မူပါ။ ပေးသနားတော်မူပါဟု တောင်းလျှောက်ခြင်းသည် မူကြိုယုံကြည်ခြင်း အဆင့်သာရှိသည်ကို
သိမှတ်ကြပါစို့။ ကျွန်ုပ်တို့အသက်ရှင်ခြင်းသည် ဘုရား၏ ဘုန်းတော်ဂုဏ်တော် ထင်ရှားစေရန်
ဖြစ်ရသည်။ ဘုရားပေးသောအသံ၊ ဘုရားပေးသောအသိတရား၊ ဘုရားပေးသောဝင်သက်၊ ထွက်သက် အားလုံး ဘုရားအား နေ့တိုင်း ကျေးဇူတင်တတ်ရမည်။ ဘုရား၏ ကြီးမားသော အံ့ဘွယ်ရာများကို မိမိဘဝ၌လည်းကောင်း၊ မိသားစု၌လည်းကောင်း၊ ပတ်ဝန်းကျင်၌ လည်းကောင်း ရေတွက်ပြီး သက်သေခံကြပါစို့။
#Sister Dominic Ah Paing (Sdp)