ဂါလေလေးယ ပင်လယ်ကို ဖြတ်ပြီး ကာဖါနာအုမ်မြို့သို့ တပည့်တော်ကြီးများ လှေဖြင့် ကျော်ဖြတ်သောအခါ လေပြင်းတိုက်သဖြင့် လှိုင်းတံပိုး ထလျက်ရှိသည်။ ၃/၄မိုင်ခန့် လှော်ခတ်ပြီးနောက် ခရစ်တော်သည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေအနားသို့ ချဉ်းကပ်လာ သည်ကိုမြင်သော် တပည့်တော်ကြီးများ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ကိုယ်တော်က “မကြောက်နှင့် ငါပင်ဖြစ်၏” ဟု သူတို့အား မိန့်တော်မူသည်။ ခရစ်တော်ကို ဝမ်းမြောက်စွာ လှေပေါ်သို့ ဖိတ်ခေါ် ကြပြီး ထိုခဏချင်းတွင် လှေသည် လိုရာခရီးသို့ ရောက်လေ၏။
ခရစ်တော်နှင့် ၃နှစ်၃မိုး အတူနေ၊ အတူသွား၊ အတူစားပြီး ခရစ်တော်ပြသော အံ့ဖွယ်အမျိုးမျိုးကို မြင်တွေ့ခွင့်ရသော တမန်တော်ကြီးများသည် မင်္ဂလာရှိသည် ဟုဆိုရပါမည်။ ခရစ်တော် ခေတ်ကာလ၌ ခရစ်တော်ဟု နာမည်သာကြားပြီး ခရစ်တော်ကို မမြင်ဖူးသူ အများကြီးရှိသည်။ နိူင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ခေါင်းဆောင်များက ခရစ်တော်အား စွဲချက်အမျိုးမျိုးတင်ပြီး ရုံးတော်သို့ ခေါ်ဆောင်လာသော အခါမှသာလျှင် ပိလတ်မင်းက ခရစ်တော်ကို မြင်ဖူးသည်။ အပြစ်မရှိကြောင်း စစ်ချက်ပေါ်သောအခါ ဒီကိစ္စငါနှင့်မဆိုင် ဟုဆိုကာ ပိလတ်မင်း လက်ဆေးလေ၏။ ခရစ်တော် အသက်ထွက်ကြောင်း ရုံးတော်တွင် သတင်းရောက်လာသောအခါ ပိလတ်မင်း အလွန်စိတ်မကောင်း ဖြစ်သည်။
ခရစ်တော်သည် လူ့အဖြစ်ကိုယူသော ဘုရားစစ်စစ်ဖြစ်သည်။ ဖြတ်ကျော်ရသော လူ့ဘဝ အတက်အကျ အားလုံး၌ ခရစ်တော်လက်ကို မြဲမြဲဆုပ်ကိုင်ထားရမည်။ တိုတောင်းသော လူ့ဘဝတွင် အကျိုးရှိရှိ အသက်ရှင်ရန် အရေးကြီးပါသည်။ ခရစ်တော်လက်ကို ဆုပ်ကိုင်ထားလျှင် ပညတ်တော်(၁၀)ပါးကို ရေးပေးသော ခမည်းတော်ဘုရား၏ ရွှေလက်တော်နှင့် ဝိညာဉ်အတွက် ကျေးဇူးတော်(၇)ပါးကို ပေးနိုင်စွမ်းသော ဝိညာဉ်တော်ဘုရားနှင့်လည်း လက်တွဲပြီးသား ဖြစ်ပါသည်။ ပုဂ္ဂိုလ်သုံးပါးနှင့် လက်ချိတ်ထားလျှင် ခုရော နောင်ရော ကျွန်ုပ်တို့ဘဝ လုံခြုံပါမည်။
#Sister Dominic Ah Paing (Sdp)