“ထာဝရဘုရား နှစ်သက်တော်မူသော အရာကား ကိုယ်တော်ရှင် စေလွတ်တော်မူသောသူကို သင်တို့ ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု သူတို့အား မိန့်တော်မူ၏။ (ယောဟန် ၆း ၂၉)
ခမည်းတော်ဘုရားသည် လူသားများကို ချစ်တော်မူသောကြောင့် လူသားများ ကယ်တင်ခြင်းရရန် သားတော်ကို လောကသို့ စေလွတ်တော်မူသည်။ သမ္မာကျမ်းစာ၌ ခရစ်တော်၏ မှတ်သားဘွယ်သော အဆိုအမိန့်များ၊ အမှာစကား များစွာရှိသည့်အနက် “ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့် ထာဝရအသက်၌ တည်စေခြင်းငှါ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစားကြလော့” ဟူသော မိန့်မှာချက်သည် ယခုမျက်မှောက် ကာလအတွက် ပို၍မှတ်သားရပါသည်။ စားဝတ်နေရေးအတွက် နေ့စဉ်အားထုတ်ကြရင်း၊ တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းခြင်းအတွက် ဗဟုသုတ ရှာဖွေရင်း ထာဝရအသက်အတွက်လည်း မပေါ့ဆသင့်ပေ။
ဘုရားရှင်အား ယုံကြည်ဆည်းကပ်သော သူတိုင်း မိဘ၊ ဆရာသမားကိုလည်း ရိုသေကျေးဇူး ဆပ်ကြသည်။ ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးဟု မြန်မာဆိုစကား ရှိပါသည်။ လူသားပင်လျှင် ရိုသေထိုက်သော ပုဂ္ဂိုလ်များရှိလျှင် ဘုရားသခင်ကို ပို၍ရိုသေကြရမည်။ ကိုယ်တော်မြတ် ဗိမာန်တော်၌ ကိန်းဝပ်သော ယေဇူးခရစ်တော်ကို ပို၍ရိုသေ လေးမြတ်ခြင်း ရှိကြပါစို့။ စိတ်ဝိညာဉ်ထဲတွင် ကိန်းဝပ်တော်မူသော ခရစ်တော်ဘုရားကို ရိုသေလေးမြတ်ကြပါစို့။ ဦးချကန်တော့ ကြပါစို့။
#Sister Dominic Ah Paing (Sdp)