ငွေကြေးနှင့်ပတ်သက်၍ ထားရှိရမည့် မှန်ကန်သော သဘောထား။
ကျမ်းစာတော်ထဲတွင် ဘဏ္ဍာစိုးသည် သူ့၏သူဌေး ငွေကို အလွဲသုံးစားပြုခဲ့သဖြင့် သူဌေးသည် သူ့ကို အလုပ်မှ ဖယ်ရှားခဲ့သည်။ သူသည် အလုပ်မရှိ ဒုက္ခရောက်ကာ အကြွေးစားရင်းကို လျှော့ပေါ့ကာ အကြွေးရစရာရှိသော ငွေအချို့ကို သူ့သူဌေးအတွက် ပြန်လည်ရယူပေးခဲ့သည်။ သူသည် လောဘကြီး၍ ငွေအားလုံး လိုချင်ပါက အားလုံးဆုံးရှုံး ပေလိမ့်မည်။ ငွေအားလုံးကို အရှုံးခံမည့်အစား ငွေအချို့ကို စွန့်ကြဲခြင်းအားဖြင့် ငွေအချို့ ထက်ဝက်ကို ပြန်လည်ရရှိခဲ့သည်။ သူသည် မိမိအနာဂတ် အရေးအတွက် လုံခြုံစိတ်ချမှုရှိရန် အရေးပေါ် အခြေအနေတွင် စဉ်းစားဆင်ခြင် လုပ်ကိုင်ခဲ့သည်။ သူသည် အတိတ်ကာလတွင် မရိုးမသား လုပ်ကိုင်ခဲ့သော်လည်း အလုပ်ပြုတ်သွားသောအခါ နောင်တစွဲ၍ မိမိ၏ အနာဂါတ်ရေးအတွက် လုံခြုံစိတ်ချမှုရှိရန် စဉ်းစားဆင်ခြင် လုပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့် သူ၏အမျှော်အမြင်ရှိမှုကို သူ့၏သူဌေးမှ ချီးမွမ်းပြောကြားခဲ့သည်။
ဤကျမ်းပိုဒ်ကို ထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် အနာဂါတ်အကျိုးဖြစ်သည့် ကောင်းကင်ပန်းတိုင် ရောက်ရှိမှုသည် အရေးတကြီး လိုအပ်မှုဖြစ်၍ ထိုပန်းတိုင် ရောက်ရှိမှုအတွက် ပြတ်ပြတ်သားသား စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရမှာ ဖြစ်ပါသည်။ ဘုရားသခင်၏ နိုင်ငံတော် ၀င်ရောက်နိုင်ရန်အတွက် ရရှိသော အချိန်နှင့် အခွင့်အရေးကို အသုံးပြုပြီး အတားအဆီးဖြစ်သည့် ငွေအပေါ် ထားရှိသော သံယောဇဉ် အတွယ်အတာများကို ခိုင်မာသောစိတ်ဖြင့် ဖြတ်တောက်ပြီး သူ့နေရာနှင့် သူထားရှိရန် အလွန်ပင် အရေးကြီးသည်။
ကျွန်ုပ်တို့အတွက် အတိတ်က အချိန်ဖြုန်းခဲ့မှု၊ မိမိ၏ကယ်တင်ခြင်းနှင့် တပါးသူ၏ ကယ်တင်ရေးအတွက် ဆောင်ရွက်လုပ်ကိုင်ရန် တာဝန်မကျေမှု လုပ်ပေးသင့်သလောက် မလုပ်ပေးခဲ့မှု၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် အခွင့်ထူးများကို လက်လွတ်ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း မိမိဘဝအတွက် ကျန်ရှိနေသေးသော အချိန်ကို အရေးပေါ်ကာလဟု မှတ်ယူကာ ဘုရား၏နိုင်ငံတော်အတွက် ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်ရမည်ကို ဤပုံဥပမာသည် သွန်သင် မီးမောင်း ထိုးပြပေးနေပါသည်။