အဘယ့်ကြောင့်ဆိုသော် ငါ့ခမည်းတော်၏ အလိုတော်သည်ကား သားတော်ကို ဖူးမြင်၍ သူ့ကို ယုံကြည်သောသူတိုင်းအား ထာဝရအသက်ကို ရစေမည့်အကြောင်း ဖြစ်သတည်း။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်။ (ယောဟန် ၆း ၄၀)
ခရစ်တော်ကို သက်ဝင်ယုံကြည်သော ကျွန်ုပ်တို့အားလုံးအတွက် အာမခံချက်ရှိသော နှုတ်တော်ထွက်စကားကို သန့်ရှင်းသောသမ္မာကျမ်းစာတွင် များစွာဖတ်ရှုရပါသည်။ ဘုရားသခင် အတွက် မနေ့၊ ယနေ့၊ နက်ဖြန် အတူတူပင် ဖြစ်သည်။ “ငါသည် အသက်မုန့်ဖြစ်၏” ဟု ကျွန်ုပ်တို့အား ပြောနေသည်။ ခရစ်တော်၏အသွေး၊ အသားကို မှီဝဲသော လူသားအားလုံးအတွက် ခိုင်မာသော ဂတိချက်များ ရှိသည်။ ဂတိချက်နှင့်အတူ လိုက်နာရသော သွန်သင်ချက်လည်း ပါ,ပါသည်။ ၎င်းတို့မှာ “ရန်သူကိုချစ်ရမည်”၊ “ဘယ်လက်အလှူပေးလျှင် ညာလက်မသိစေနှင့်”။ “အနိူင်အထက် ခရီးတစ်မိုင် ပို့ခိုင်းလျှင် နှစ်မိုင် ပို့ပေးပါ” စသည်ဖြင့် များစွာရှိပါသည်။
ဖန်ဆင်းခံ သတ္တဝါအားလုံးတွင် လူသားသည် အထူးမြတ်ဆုံး ဖြစ်သည်။ ဖြစ်ချင်သော အရာတိုင်း ကြိုးစားလျှင် ဖြစ်နိူင်သည်ဟု မဆိုလိုပါ။ သို့သော် ကြိုးစားသော အတိုင်းအတာနှင့် ညီမျှသောအကျိုးကို ခံစားရမည်မှာ သေချာပါသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းသည် မွေးရာပါမဟုတ်။ လုံ့လဝိရိယ စိုက်ထုတ်ခြင်းနှင့် အချိန်ကို ရင်းနှီးမြှုပ်နှံခြင်း ကွာခြားသောကြောင့် ဖြစ်သည်ဟု စာရေးဆရာတစ်ဦးက ဆိုပါသည်။
ယုံကြည်လျှင် ကယ်တင်ခြင်း ရပြီဟု တစ်ချို့ညီအစ်ကိုများ သွန်သင်ပါသည်။ အမိကက်သလစ် အသင်းတော်က ယုံကြည်ပြီးလျှင် ခရစ်တော်၏ မိန့်မှာချက်များကို လိုက်ကျင့်ပါ။ ယုံကြည်သည့်အတိုင်း လက်တွေ့ပြပါဟု ရှင်ယာကုပ်၏ သွန်သင်ခြင်းကို လက်ခံပါသည်။ သူတစ်ပါးအား ဝေဖန်ဆုံးဖြတ်ခြင်း၊ အငြိုးအတေးထားခြင်း၊ ကိလေသာလိုက်စားခြင်း၊ လိမ်ညာ ခြင်းများသည် ဘုရား၏တရားနှင့် ဆန့်ကျင်သော်လည်း လူသားများ ပြုမိသောအရာများ ဖြစ်သည်။ အပြစ်ကို ကောင်းမှုကုသိုလ်ပြုခြင်းဖြင့် အစားထိုးမရသဖြင့် အမှားကို ရဟန်းရှေ့ ဝန်ခံပြီး အပြစ်ကို ရှောင်တတ်ရန် လိုသည်။
#Sister Dominic Ah Paing (Sdp)