ငါ့အသားကိုစား၍ ငါ၏သွေးကိုသောက်လျှင် ထာဝရအသက်ရမည်ဟူသော ဟောပြောခြင်းကြောင့် တပည့်တော်ကြီးများ ကိုယ်တော်နှင့် သွားလာခြင်း မရှိတော့ပေ။
များစွာသော တပည့်တော်တို့သည် ဤအကြောင်းအရာကို ကြားလျှင် “မည်သူသည် ဤအချက်ကို နာယူနိုင်ပါမည်နည်း” ဟုဆိုလေ၏။ ကိုယ်တော်မူကား မိမိတပည့်တော်များ ဝေဖန်ပြောဆို နေကြသည်ကို သိသောကြောင့် သူတို့အား မိန့်တော်မူသည်မှာ ဤစကားကြောင့် သင်တို့ စိတ်ပျက်ကြသလော့။ လူသားသည် မိမိယခင်က ရှိတော်မူခဲ့သော အရပ်သို့ တက်ကြွသွားသည်ကို သင်တို့မြင်ကြရပါက မည်သို့ရှိမည်နည်း။ သင်တို့အား ငါပြောသောစကားများသည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ခရစ်တော်ကို ယုံကြည်သောသူအားလုံး မသေနိုင်သော ဝိညာဉ်ရှိသည်ကို ယုံကြည်ကြသည်။ ကိုယ်ခန္ဓာအတွက် အာဟာရကျွေးရသကဲ့သို့ ဝိညာဉ်အစာ အာဟာရရှိရန် ကျွေးမွေးရသည်ကိုလည်း ယုံကြည်ကြသည်။ ခရစ်တော်သည် ကိုယ်ကာယ ချမ်းသာရန်၊ စီးပွါးရေး အဆင်ပြေရန်အတွက် ဈေးကွက်စီးပွားရေးသင်တန်း၊ အွန်လိုင်းသင်တန်း၊ ကြော်ငြာသင်တန်းများ ပို့ချခြင်း မဟုတ်သောကြောင့် နားထောင်သူများ စိတ်ဝင်စားမှု နည်းကြသည်။ မသိသူကျော်သွားကြသော်လည်း သိသူဖေါ်စားကြသည်။ သူတော်သူမြတ်များက ဝိညာဉ်ထာဝရ အသက်ရရန် အသက်ပိုင်ရှင်ဖြစ်သော ဘုရားကို ယုံကြည်ပြီး ဘုရား၏တရားတော်နှင့်အညီ လောကမှာ အသက်ရှင်ကြသည်မှာ ခက်ခဲပါသည်။ သို့သော် လူ့ဘဝ တိုတောင်းသည်ကို တရားရသဖြင့် ဘုရား၏တရားအတိုင်း လက်တွေ့ အသက်ရှင်ကြပြီး ထာဝရ ပျော်ရွင်သောဘဝကို ပိုင်ဆိုင်ကြသည်။
လူသားအားလုံးသည် အလိုအလျောက် ဖြစ်လာခြင်းမဟုတ်၊ ဘုရားက ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်လှခြင်း၊ အင်္ဂါစုံခြင်း၊ အင်္ဂါ မစုံခြင်းသည် ဘုရားအတွက် အရေးမကြီးပါ။ ဘုရားဖန်ဆင်းသဖြင့် ဘုရားအတွက် အားလုံး တန်ဖိုးကြီးပါသည်။ ဘုရားကိုချစ်သော ဘုရားသားသမီးများဖြစ်လျှင် နောင်ဘဝတွင် တစ်နေရာတည်းသော ကောင်းကင်ရွှေပြည်တွင် အတူနေရမည် ဖြစ်သည်။
#Sister Dominic Ah Paing (Sdp)