အသင်းတော်ကြီး၏ ဖြစ်တည်ခြင်း သဘောကို ဒီနေ့ ကျမ်းစာတော်များမှ ပြန်လည် ရှင်းပြပေးနေပါတယ်။ ပထမကျမ်းစာအရ အသင်းတော်သည် မပြည့်စုံသော လူသားတွေနှင့် ဖွဲ့စည်းထားပေမဲ့ ဝိညာဉ်တော်၏ လမ်းပြအလင်း ကျေးဇူးတော်အားဖြင့် အချင်းချင်း သည်းခံ၊ နားလည်၊ လက်ခံ၊ ခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းစွာ အတူနေထိုင် ရှင်သန်လာခဲ့ကြကြောင်း နားလည်အောင် ရှင်းပြပေးနေပါတယ်။ ရှင်ပေါလူးစ်၏ ခေါ်တော်မူခြင်း လမ်းစဉ်ကို သတိမူကြခြင်းအားဖြင့် ကျွန်တော်တို့သည်လည်း ဘုရားရှင်၏ ကတိထားတော်မူရာ စီမံကိန်းခရီး၌ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ကို နားလည်ကြဖို့ လိုပါတယ်။ ခရစ်ယာန်တွေကို လိုက်လံ ညှင်းဆဲ သတ်ဖြတ်ခဲ့သော အမုန်းပိုင်ရှင် အရိုင်းပန်း စောလူးဘဝမှ ခရစ်ယာန်သာသနာ ပြန့်ပွားထွန်းကား လာဖို့အတွက် ဘုရားရှင်၏ ကြီးမြတ်လှသော ချစ်ခြင်းကို နေရာဒေသမရွေး သွားလာ သက်သေခံသော ပေါလ်လူးအဖြစ် ဘုရားရှင်၏ အသုံးတော်ခံ ဖြစ်လာခဲ့တာကို ကျွန်တော်တို့တတွေ နားလည်ကြပြီးသား ဖြစ်ပါတယ်။ အမှန်နှင့်အမှား ခွဲခြားနားလည် သိတတ်သော ကိုယ်စီကျေးဇူးတော်များကို သတိရ၊ အသိအမှတ်ပြုရင်း ဘုရားရှင်၏ ကြီးမြတ်လှသော စီမံကိန်းတော်အတွက် အုတ်တချပ်၊ သဲတပွင့်ပမာ အများနှင့်အတူ၊ အများအတွက် လက်တွဲပါဝင်တတ်ပြီး ဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းတတ်ခြင်းသည်သာလျှင် အသင်းတော်၌ စစ်မှန်သော မိသားစုဝင်အဖြစ် ပါဝင်နေခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ လက်တွေ့ ကြုံနေရတဲ့ အမှောင်ဆုံး အချိန်ကာလမှာ ဘုရားရှင် အလိုတော်ရှိတဲ့ အသင်းတော်ကို ဘယ်လိုနားလည်ကြပြီး ဘယ်လိုပါဝင် ထူထောင်နိုင်ကြမလဲ?။ ကိုယ့်အကြာင်းကို ကိုယ်သိ နားလည်သော အဖြစ်မှာဘဲ ကြည်နူးမနေကြဘဲ လက်တွေ့ဆန်သော အပြုအမူများ၌ အများနှင့်အတူ လက်တွဲပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အကောင်းဆုံး ပါဝင်ခြင်းသည် တဆူတည်းသော ဘုရားရှင်၏ ကြီးမြတ်သော ချစ်ခြင်းကို ဆက်လက် သက်သေခံ ဖြန့်ဝေခြင်းပင် ဖြစ်ပါတယ်။ ခုချိန်မှာ ဒို့တိုင်းပြည်နှင့် အသင်းတော်သည် ထိုကဲ့သို့သော လူသားများကို အလိုရှိနေပါတယ်။ ထိုသို့ပါဝင်ခြင်းဖြင့် ကျွန်တော်တို့သည် အသီးများစွာ သီးသောအပင်များ ဖြစ်ကြပြီး၊ ဘုရားရှင်၌ တည်နေကြသော စစ်မှန်သော တပည့်များ ဖြစ်ကြ၍ ခမည်းတော်ဘုရား၏ ဘုန်းတော်ထင်ရှားရာ အကြောင်းများ ဖြစ်လာကြမည်မှာ သေချာပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)